အလုပ်မှာ ကိုယ်နဲ့တန်တဲ့ လုပ်ခလစာရဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လစာတိုးဖို့ ညှိရတဲ့ ကိစ္စမျိုးဟာ အမြဲပဲ စိတ်ပင်ပန်းစရာကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အခုရနေတဲ့ လုပ်ခလစာထက် ပိုပြီး ရသင့်တယ်လို့လည်း ကိုယ့်ကိုယ်ကို ထင်တယ်ဆိုရင် လစာညှိဖို့ လိုလာပါပြီ။ လစာတိုးတောင်းဖို့ သင့်အထက်လူကြီးနဲ့ တွေ့ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အခုပြောမယ့် နည်းလမ်းတွေ အသုံးချသင့်ပါတယ်။

(၁) အချိန်အခါ မှန်ပါစေ

အလုပ်လခ တိုးပေးဖို့ အထက်လူကြီးကို ပြောခါနီးရင် ကိုယ့်ကုမ္ပဏီရဲ့ လက်ရှိအနေအထားကို အရင်ဆုံး စဉ်းစားဖို့ လိုပါတယ်။ ကုမ္ပဏီက ငွေကြေး အကြပ်အတည်းရောက်နေတဲ့ အချိန်ဆိုရင် အလုပ်လစာကိစ္စ ပြောဖို့ သိပ်ပြီး အချိန်ကောင်း အခါကောင်း မဟုတ်သေးပါဘူး။ အလုပ်မှာ လူလျှော့တာတို့ ၊ ကုမ္ပဏီမှာ လူတွေ အသစ်ဖွဲ့နေတာတို့ဆိုရင် နည်းနည်း အခြေအနေတည်ငြိမ်သွားတဲ့အထိ စောင့်တာ ပိုကောင်းပါတယ်။

(၂) ပြင်ဆင်သွားပါ

ကိုယ့်ကို လစာတိုးပေးသင့် ၊ မသင့်ဆိုတာကို ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်တွေ ရှိပါတယ်။ သင့်လုပ်ခဲ့တဲ့ လုပ်ဆောင်မှုတွေနဲ့ ရလဒ်ကောင်းတွေကို ယူသွားဖို့လိုသလို သင့်ရဲ့ ဈေးကွက်တန်ဖိုးကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ပါတယ်။ လက်ရှိအလုပ်လစာနဲ့ သင့်ရဲ့ ဈေးကွက်တန်ဖိုးကို ယှဉ်ကြည့်ပါ။ သင့်ရုံးက လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ သင်က ဘယ်လောက် ထူးချွန်အောင် လုပ်ဆောင်နိုင်သလဲ နောက်တစ်ခုက သင့်ကုမ္ပဏီရဲ့ လစာတိုးပေးတဲ့ ပုံစံက ဘယ်လိုလဲ လေ့လာထားပါ။

(၃) အလုပ်ရှင်ရဲ့ အမြင်လည်း ထည့်စဉ်းစားပါ

အခုဆို သင့်စွမ်းဆောင်မှုတွေကို သင့်အထက်လူကြီးနေရာက စဉ်းစားတဲ့ အချိန်ပါ။ သင့်ကို အထက်လူကြီး/သူဌေးက လစာမတိုးပေးချင်ရတဲ့ အကြောင်းက ဘာဖြစ်မလဲ။ အဲဒါတွေကို ဘယ်လို ဖြေရှင်းမလဲ ကြိုစဉ်းစားထားသင့်ပါတယ်။ ဖြစ်လာနိုင်ခြေ ရှိတဲ့ အကြောင်းအရာတစ်ခုကို ကြိုခန့်မှန်း ပြင်ဆင်ထားတဲ့သူဟာ အဲ့ဒါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲကိစ္စတွေကို ကောင်းကောင်း ဖြေရှင်းနိုင်ပါလိမ့်မယ်။

(၄) ပရော်ဖက်ရှင်နယ်ဆန်ပါစေ

အလုပ်လစာတိုးဖို့ ပြောကြဆိုကြတဲ့အခါ ပုဂ္ဂိုလ်ရေးတွေ ဘေးဖယ်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ဖြေရှင်းသင့်ပါတယ်။ လစာတိုးတောင်းရတဲ့ အကောင်းကို ပြောရာမှာလည်း အလုပ်နဲ့ မဆိုင်တာတွေ မပြောသင့်ဘဲ အလုပ်မှာ ကိုယ့်ကို လစာတိုးပေးသင့်တဲ့ စွမ်းဆောင်မှုကို ဖော်ပြပြီးပဲ ညှိသင့်ပါတယ်။ ကုမ္ပဏီအတွက် ကိုယ်လုပ်ပေးခဲ့တာနဲ့ နောင် လုပ်မယ့် အစီအစဉ်တစ်ချို့ ပရောဂျက်တစ်ချို့ကို ပြပြီး ညှိနှိုင်းတာက အကောင်းဆုံးပါပဲ။

(၅) ရေရှည် စဉ်းစားပါ

ကိုယ်လိုချင်တဲ့ လစာမရနိုင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ဒီမှာပဲ ဆက်နေမလား။ တစ်ခြား သွားဖို့စီစဉ်ထားသလား။ တကယ်လို့ဒီမှာ ဆက်နေရင် ကိုယ့်ရဲ့ အလားအလာ Potential က ဘယ်လောက်အထိ ရှိနိုင်သလဲ။ အနာဂါတ်ကို မျှော်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ ရေရှည်မှာ အကျိုးရှိမယ်ဆိုရင် သည်းခံတာ အမှန်ဆုံးပါပဲ။