ပိုက်ဆံမကုန်ဘဲ ရုပ်ရည်နဲ့ အသားအရေကို ပျိုမြစ်နုနယ်အောင် ထိန်းသိမ်းနိုင်တဲ့နည်းတွေ ရှိပါတယ်။ ဒီထဲမှာ တစ်ချို့နည်းလမ်းတွေက ဘာပစ္စည်းပစ္စယ အကူအညီမှ မပါဘဲ လူရဲ့ နေ့စဉ်နေထိုင်မှုပုံစံလေး ပြောင်းပေးရုံနဲ့တင် အဆင်ပြေပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး နုပျိုတင်းရင်းတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေ လိုက်နာပေးသင့်ပါတယ်။

(၁) အောက်ဆီဂျင် ပြည့်ဝပါစေ

လူတော်တော်များများဟာ တကယ် အနားရတဲ့နေ့တွေ ရှားလာကြပါပြီ။ စိတ်ရောကိုယ်ရော ပြည့်ပြည့်ဝဝ အနားရခြင်းဟာ နုပျိုခြင်းရဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်။ကိုယ်နဲ့ စိတ်အနားရဖို့အတွက် အကောင်းဆုံးက တိတ်ဆိတ်တဲ့ တစ်နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဘာမှ မစဉ်းစားဘဲ အသက်ဝဝ ၁၀ မိနစ် ၁၅ မိနစ် ရှုပေးဖို့ပါပဲ။

တစ်နေ့ကို ၂ ကြိမ်လောက် နေ့စဉ် လုပ်ပေးမယ်ဆိုရင် တစ်လလောက်ကြာရင် အသားအရေနဲ့ ခန္ဓာကိုယ် သိသိသာသာ ပြောင်းလဲလာတာ မြင်ရပါလိမ့်မယ်။

(၂) ကောင်းကောင်းအိပ်ပါ

အိပ်စက်ခြင်းဟာ သဘာဝကုထုံး ဖြစ်ပါတယ်။ ကျန်းမာပြီး နုပျိုတင်းရင်းတဲ့ အသားအရေပိုင်ရှင် ဖြစ်ဖို့အတွက် အိပ်စက်ခြင်းကို ဆေးတစ်ဖုံလို သုံးနိုင်ပါတယ်။အိပ်ရေးဝဝ အိပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်နဲ့ စိတ်အလျဉ်ကို တစ်ဖန်နုပျို ဆန်းသစ်စေပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါတယ်။

(၃) ရေဓါတ်ပြည့်နေပါစေ

ရေဟာ အသက်ပါပဲ။ နေ့စဉ်နေ့တိုင်း ရေလုံလောက်အောင် သောက်သူဟာ အသားအရေဆဲလ်တွေ ကျန်းမာနုပျိုပါတယ်။ ရေကို မှန်ကန်တဲ့ အချိုးအစားအတိုင်း သောက်သုံးခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်း အလုပ်လုပ်စေဖို့အတွက်လည်း အရေးကြီးပါတယ်။

တစ်နာရီကြာတိုင်း ရေ တစ်ဖန်ခွက်နှုန်းနဲ့ တစ်နေ့ကို ရေအနည်းဆုံး ၈ ဖန်ခွက် သောက်ပေးဖို့ လိုပါတယ်။ ရေမဆာရင်တောင် သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၄) အကောင်းမြင် ပျော်ရွှင်ပါစေ

Lifestyle ဟာ အသားအရေထိန်းသိမ်းမှုမှာ အတော်လေး အရေးပါပါတယ်။ ပြုံးပြုံးပျော်ပျော် နေတတ်သူ ၊ ဘဝကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းသူဟာ ရုပ်ပိုနုပါတယ်။ အကောင်းမြင်စိတ်နဲ့ နေထိုင်ချင်မှာ ခန္ဓာကိုယ်ဟာ နိုးကြားထက်သန်မှုရှိသလို စိတ်ကြောင့် ရုပ်လည်း ပိုပြီး ကြည့်ကောင်းလာစေပါလိမ့်မယ်။

(၅) ဓါတ်တိုးဆန့်ကျင်မှု ပါတဲ့ အစားအစာတွေ ပိုစားပါ

ကိုယ်တွင်းအောက်ဆီဂျင်ဓါတ်ပြုမှု ဖြစ်တဲ့အချိန်မှာ free radical လို့ ခေါ်တဲ့ အသားအရေဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်မယ့် မတည်ငြိမ်တဲ့ မော်လီကျူးတွေ ထုတ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ သစ်သီးဝလံတွေ ၊ ပင်လယ်စာ ၊ မုန်လာဥနီ ၊ လက်ဖက်စိမ်း ၊ ရွှေဖရုံသီး ၊ နို့နဲ့ စပျစ်စတဲ့ အစားအစာတွေက အသားအရေ အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ပါတယ်။

(၆) အားကစားလုပ်ပါ

နုပျိုနေဖို့ အရေးကြီးတာက တက်တက်ကြွကြွ ဖြတ်ဖြတ်လတ်လတ် နေထိုင်ဖို့လိုပါတယ်။ လမ်းလျှောက်တာ ၊ ပြေးတာ နဲ့ ယောဂလိုမျိုး အားကစားလုပ်ဆောင်နေခြင်းဟာ ကိုယ်တွင်းစနစ်အားလုံးကို အသစ်ဖြစ်စေပြီး အသားအရေကို ကျန်းမာနုပျိုစေပါတယ်။

(၇) စမတ်ဖုန်းသုံးမှု လျှော့ပါ

နေ့စဉ်သုံးနေတဲ့ ဖုန်း ၊ အကြည့်များတဲ့ ကွန်ပျူတာနဲ့ TV တွေကို အချိန်နဲ့အခါနဲ့ ကန့်သတ်ပြီး သုံးသင့်ပါတယ်။ ဖုန်း screen ကို ဆက်တိုက် ကြည့်တာ ကြာလာတဲ့အခါ မျက်လုံးနဲ့ အနားတစ်ဝိုက်က အရေပြားတွေ ပင်ပန်းလာပြီး အသားအရေ လျော့တွဲလာပါလိမ့်မယ်။ အိပ်ရာဝင်ချိန်မှာ ဖုန်းသုံးတာမျိုး ရှောင်ဖို့နဲ့ အိပ်ရာက နိုးထချင်း ဖုန်းသုံးတဲ့ အကျင့်လည်း ဖျောက်သင့်ပါတယ်။