ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးတစ်ခုကို အတူတည်ထောင်ရာမှာ နားလည်မှု ၊ ချစ်ခြင်းမေတ္တာနဲ့ ဘဝရပ်တည်ချက်ချင်း နီးစပ်မှု စတဲ့ ထောက်တိုင်လေးတွေ လိုပါတယ်။

ဒီလို အဆင်ပြေပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးကို ကျန်းမာနေတဲ့ ဆက်ဆံရေး (Healthy Relationship) လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ရေး တစ်ခုမှာ Healthy Relationship ဖြစ်ဖို့ဆို အခုလို အချက်လေးတွေ လိုက်နာဖို့ လိုမှာပါ။

(၁) လက်တွေ့ဆန်ဆန်ပဲ မျှော်လင့်ပါ

သင့်ချစ်သူက သင်လိုပဲ အားနည်းချက်တွေ မပြည့်စုံမှု တစ်ခုမဟုတ်တစ်ခု ရှိထားတဲ့သူဆိုတာ မမေ့ဖို့ လိုပါတယ်။ လူတစ်ယောက်ဆီက အကောင်းချည်းပဲ မျှော်လင့်ထားတာဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာကို ‌တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

လူတွေကို ပြင်မရတဲ့ အပိုင်းနဲ့ ပတ်သက်လို့ ဖိအားပေးပြီး အတင်းအကြပ် ပြောင်းလဲခိုင်းတာမျိုး မလုပ်ဘဲနဲ့ လက်ခံတတ်ရင် အဲ့ဒီ Relationship က Healthy ဖြစ်ပါတယ်။

(၂) အတူတူ စကားလက်ဆုံကျပါ

စကားပြောရုံနဲ့ မလုံလောက်ပါဘူး။ ဆက်သွယ်မှုကောင်းတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် အရေးတယူရှိကြောင်းကို သိနိုင်ဖို့ ရိုးရိုးသားသား နားထောင်ပေးတာ ၊ အတူတူ အချိန်လေးထား စကားလက်ဆုံကျတာ ၊ နေရာမှန်/မေးခွန်းမှန်/အမေးမှန် မေးတာ ၊ သတင်းအချက်အလက်မျှဝေတာ ၊ တစ်ယောက်ခံစားချက် တစ်ယောက် နားလည်အောင် ကြိုးစားတာတွေလည်း လိုအပ်ပါတယ်။

(၃) အလျှော့အတင်းရှိပါ

Relationship တစ်ခု အဆင်ပြေနေဖို့ဆို ကိုယ်မှန်ရင်အောင် လိုအပ်တဲ့အခါ ကိုယ့်ဘက်က တစ်ဆင့်လျှော့ဖို့ လိုပါတယ်။ ဒါဟာ တစ်ဖက်လူအတွက် စိတ်ဖိစီးမှု လျှော့ချပေးရာ ရောက်သလို ကိုယ့်ရဲ့ သူ့အပေါ် အလေးထားမှုကိုလည်း မြင်သာစေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ဒါက သူမအတွက် ကိုယ့်ရဲ့ သဘောထားကြီးမြင့်မှုတစ်ခုပါပဲ။

(၄) ကျေးဇူးတင်တတ်ပါ

ကိုယ်နဲ့အတူ ရှိတဲ့လူတွေဟာ ကိုယ့်ရဲ့ ဖူးစာနဲ့ ရေစက်တွေကပါပဲ။ ဒီလိုလူတွေကို အလေးထားပါ။ ဂရုစိုက်ပါ။ သူတို့နဲ့အတူ ရှိခြင်းရဲ့ ကျေးဇူးတင်စရာကောင်းတဲ့ အချက်အလက်လေးတွေ ဖော်ထုတ်ကြည့်ပါ။ ကျေးဇူးတင်ကြောင်းလည်း ပြသပါ။ အဲ့ဒီလို လူတွေအတွက် အချိန်လည်း ပေးပါလို့ ပြောချင်ပါတယ်။