ကံကောင်းခြင်းဆိုတာလူတိုင်းလိုချင်တဲ့အရာပါ။ ကံကောင်းချင်ရင် ကောင်းတာတွေများများလုပ်ရမယ် တခြားသူတွေအပေါ် စိတ်ကောင်းထား ရမယ်လို့ ဆိုကြပါတယ်။ တချို့သူတွေကကံကောင်းစေဖို့ အဆောင်ပစ္စည်းလေးတွေ အိမ်မှာ ရုံးမှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာဆောင်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ကံကောင်းတယ်ဆိုတာ အပြုသဘောဆောင်ပြီး ပျော်စရာလဲကောင်းပါတယ်။ အခုပြောပြမှာက လူတွေကကံကောင်းစေတယ် လို့သတ်မှတ်ထားတဲ့ အဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁) Dracaena ဝါးပင် (သို့) Lucky Bamboo

Photo : Feng Shui – LoveToKnow

တကယ်တော့ Dracaena ဝါးပင်ဆိုတာ ရိုးရိုးဝါးပင်နဲ့ဆင်တူပေမယ့် ဝါးပင်မျိုးမဟုတ်ပါဘူး။ သူက နေအိမ်အဆောက်အအုံတွေမှာထားလေ့ရှိပြီး ကံကောင်းစေတဲ့ဂုဏ်သတ္တိရှိတဲ့ မာကြောတဲ့အကြမ်းခံသက်ရှည်ပင်တမျိုးပါ။ ပင်စည်တခုမှာ ရိုးတံသုံးခုပါရင် ပိုင်ရှင်ကိုပျော်ရွှင်မှု၊ ကြွယ်ဝမှုနဲ့ သက်ရှည်ချမ်းသာမှုကိုပေးတယ်လို့ဆိုပါတယ်။ တချို့အပင်တွေမှာဆို ရိုးတံသုံးခုထက်မကပါနေတတ်ပြီး ပိုကောင်းကံစေတယ်လို့ဆိုကြပါတယ်။

(၂) သံမြင်းခွာ

Photo : The Balance Everyday

သံမြင်းခွာတွေဟာ ကံကောင်းစေတဲ့စွမ်းအားတွေပေးတယ်လို့လူတွေအယုံကြည်ကြဆုံးအဆောင်တခုပါ။ ဒဏ္ဍာရီတခုမှာ မြင်းခွာတွေဆိုတာ အစဉ်အလာအားဖြင့်သံနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကံကောင်းစေတာလို့ဆိုပါတယ်။ မကောင်းတဲ့နတ်သူငယ်တွေက သံကိုကြောက်တဲ့အတွက် သံမြင်းခွာရှိတဲ့အိမ်တွေနားကပ်လို့မရနိုင်ဘူးလို့လဲ ဆိုပါတယ်။

(၃) ရွှေငါး

Photo : Pinterest

တရုတ်(ဖုန်းရွှေ) ပညာရပ်မှာ ရွှေငါးတွေဆိုတာ ကံနဲ့ကြွယ်ဝမှုကိုဆွဲဆောင်နိုင်တယ်လို့ ဆိုကြပြီး နဂါးနဲ့မြင်းတွေကတော့ ကံကောင်းစေတယ်လို့ဆိုပါတယ်။ ရွှေငါးတွေက ကံကောင်းစေတာအပြင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး အိမ်မွေးတိရိစ္ဆာန်တွေထဲမှာလဲ အပါအဝင်ဖြစ်ပါတယ်။ သင့်အိမ်မှာရွှေငါးမွေးထားရင် သူတို့ကအိပ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကိုစုပ်ယူပြီး အပြုသဘောဆောင်တဲ့ကောင်းတဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးတယ် လို့ဆိုပါတယ်။

(၄) သက်တန့်

Photo : Medium

သက်တန့်တွေက အရင်ခေတ်ကစီးပွားရေးလုပ်ငန်းတွေအတွက်တော့ အလွန်လာဘ်ကောင်းတဲ့နိမိတ်ပါ။ သက်တန့်ရဲ့အဆုံးမှာရှိတဲ့နေရာကို တူးကြည့်ရင် ရွှေအိုးတွေ့ရတယ်လို့လည်း ဆိုကြပါတယ်။

(၅) ကံကောင်းခြင်းသစ်ရွက်

Photo : Desired

အရွက်လေးရွက်ပါတဲ့ကံကောင်းခြင်းသစ်ရွက်ဟာ ရှေးယခင်ကတည်းက လူတွေကောင်းကံစေတယ်လို့သတ် မှတ်ထားတဲ့ သင်္ကေတတခုပါ။ ဗြိတိန်မှာအစောဆုံးနေထိုင်ခဲ့ကြတဲ့ Celts လူမျိုးတွေကတော့ ကံကောင်းခြင်း သစ်ရွက်ဟာ နတ်သူငယ်တွေကိုတောင်မြင်ရပြီး ကံဆိုးခြင်းကို ဖြစ်စေတဲ့ မကောင်းတဲ့အကြံအစည်တွေရှိရင်လဲ ဖယ်ရှားပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ကံကောင်းခြင်းသစ်ရွက်မှာပါတဲ့ အရွက်လေးရွက်က ယုံကြည်မှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်။