ချစ်သူသက်တမ်းကြာလာရင် တချို့က ငြီးငွေ့လာတာ၊ အရင်လောက် အဆင်မပြေတော့တာ၊ ပျော်စရာမကောင်းတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တွဲတာကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အရင်ထက်ပိုပြီး ချစ်လာစေဖို့ ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

နားလည်မှုအပြည့်အဝရှိခြင်း

Relationship တစ်ခုမှာ အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ပါပဲ။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ စတွဲတုန်းကလို တစ်ချိန်လုံး အနားမှာနေဖို့၊ တစ်ချိန်လုံး chat ပြီး တီတီတာတာတွေ ပြောနေဖို့ မဖြစ်နိုင်ပါဘူး။ ဘဝအတွက် အရေးကြီးတာတွေ၊ နှစ်ယောက်ရှေ့ရေးအတွက်တွေ လုပ်ရမယ့်အရာတွေ ရှိပါတယ်။ ဒါတွေကြောင့် အချိန်မပေးနိုင်ရင် နားလည်ပေးရပါမယ်။

အရင်လို အချိန်မပေးတော့လို့ဆိုပြီး စိတ်ဆိုးစိတ်ကောက်နေလို့ မရပါဘူး။ တော်တော်များများရဲ့ ပြဿနာက ဒါတွေကို နားလည်မပေးနိုင်ပဲ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်ကြရင်း ခဏခဏ အဆင်မပြေတာတွေ ဖြစ်လာကြတာပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်သာ နားလည်မှု အပြည့်အဝရှိမယ်ဆိုရင် အချိန်တွေဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပြီး ပိုပျော်ရွှင်ရမှာပါ။

ဂရုစိုက်ကြင်နာပါ

တွဲတာကြာလာတဲ့ စုံတွဲတော်တော်များများရဲ့ ခဏခဏရန်ဖြစ်ရတဲ့ အကြောင်းအရင်းထဲမှာ အရင်လိုဂရုမစိုက်တော့လို့ဆိုတဲ့ အကြောင်းပြချက်ကလည်း အမြဲပါပါတယ်။ ဒါကြောင့် အချိန်တွေဘယ်လောက်ကြာကြာ ကိုယ့်ချစ်သူကို အသေးအမွှားလေးကအစ အရင်အတိုင်းပဲ ဂရုစိုက်ပေးပါ။ ကြင်နာပေးပါ။ အချိန်တွေကြာလည်း ပြောင်းလဲမသွားပဲ ဂရုစိုက်ကြင်နာပေးရင် ပိုတိုးပြီး ချစ်လာကြမှာပါ။

မကြိုက်ဘူးပြောထားတာကိုမလုပ်ပဲနေပါ

ကိုယ့်ချစ်သူက မကြိုက်ဘူးပြောထားတာတွေကို မလုပ်ပဲ ဆင်ခြင်ပေးပါ။ ခဏခဏပြဿနာတွေဖြစ်ပြီး ရန်ဖြစ်နေတာတွေက ကြာလာရင် ဒီ relationship ကြီးကို စိတ်ပျက်သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်အချိန်ကြာကြာ တစ်ယောက်မကြိုက်တာကို တစ်ယောက်က မလုပ်ပဲ နေပေးပါ။

ပွင့်လင်းမှုရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ပြဿနာတစ်ခုခုဖြစ်လာရင်လည်း သေချာမေးပြီး သေချာဖြေရှင်းပေးဖို့၊ တစ်ဖက်လူပြောတာတွေကိုလည်း သေချာနားထောင်ပြီး အေးအေးဆေးဆေးညှိုနှိုင်းတတ်ဖို့ လိုပါသေးတယ်။ တစ်ခုခုဆို တိုင်တိုင်ပင်ပင်နဲ့ ပွင့်လင်းမှုရှိမယ်ဆိုရင် စိတ်ချမ်းသာပြီးပျော်ရွှင်ရမှာပါ။

မပြင်မဆင်မနေပါနဲ့

လှနေမှ မြဲမယ်ဆိုတာမျိုးတော့ မဟုတ်ပေမယ့် မပြင်မဆင်နဲ့ ဖြစ်သလိုနေတာမျိုးတော့ မလုပ်ပါနဲ့။ အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ လှအောင်နေပါ။ မိန်းကလေးတွေဆိုရင် ရည်းစားသက်တမ်း ကြာလာရုံမကလို့ အိမ်ထောင်ပဲကျသွားပါစေ လှလှပပနဲ့ ပြင်ပြင်ဆင်ဆင်နေသင့်ပါတယ်။