ဝိတ်ချတယ်ဆိုတာ ကျန်းမာတဲ့ Lifestyle အသစ်တစ်ခုရအောင် ပြောင်းလဲပေးရတာဖြစ်ပါတယ်။ ခဏတစ်ဖြုတ် အစားလျှော့ပြီး ဝိတ်ချတာမျိုးက အချိန်မရွေးကိုယ်အလေးချိန်ပြန်တက်နိုင်ချေများပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နေ့စဉ်စားသောက်မှုပုံစံနဲ့ ပုံမှန်လေ့ကျင့်ခန်းတွေကအရေးအကြီးဆုံးပါပဲ။ အခုတစ်ခေါက်မှာ ထိထိရောက်ရောက်ဝိတ်ကျပြီး လိုချင်တဲ့ကိုယ်အလေးချိန်ကို ရေရှည်ထိန်းထားချင်သူတွေအတွက် နေ့စဉ် မနက် (၇) နာရီကနေ ည (၁၁) နာရီအတွင်းပြုလုပ်ပေးရမယ့် စားသောက်နေထိုင်မှုပုံစံတွေကိုအကြံပြုဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်ပိုင်း

မနက် (၇) နာရီမှာ အိပ်ရာထပြီး ရေတစ်ခွက်ပုံမှန်သောက်ပေးပါ။ အိပ်ရာနိုးပြီးနောက်မှာ အကြောလျှော့ လေ့ကျင့်ခန်း (၁၀) မိနစ်လောက်ပြုလုပ်ပေးရပါမယ်။ ဒါကသင့်ကို တစ်နေ့တာလုံး လန်းဆန်းနေဖို့ ကူညီပေးနိုင်ပါတယ်။

မနက် (၈) နာရီနဲ့ (၉) နာရီကြားမှာ မနက်စာစားပေးပါ။ (၁၀) နာရီလောက်မှာတော့ ရေပြန်သောက်ဖို့မမေ့ပါနဲ့။ မနက်ပိုင်းမှာ အနည်းဆုံးရေ တစ်လီတာပြည့်အောင် သောက်ပေးသင့်ပါတယ်။

(၁၀) နာရီကနေ (၁၁) နာရီ ကြားမှာတော့ အမျှင်ဓာတ်ပါဝင်တဲ့အဆာပြေတစ်ခုကို စားသုံးနိုင်ပါတယ်။ ပြီးနောက် အလုပ်အားတဲ့အချိန်မှာ လှုပ်လှုပ်ရှားရှားလေးနေပေးဖို့လည်းလိုပါတယ်။

၂။ နေ့လည်ပိုင်း


သင့်တော်တဲ့ နေ့လည်စာကို နေ့လည် ၁၂ နာရီကျော်လောက်မှာစားပေးသင့်ပါတယ်။ စားပြီးတဲ့နောက် ချက်ချင်းမထိုင်ဘဲ (၁၅) မိနစ်အနည်းဆုံး လမ်းလျှောက်ပေးရပါမယ်။ နေ့လည်ဘက်ဗိုက်ဆာတတ်တဲ့သူတွေ အနေနဲ့ ကယ်လိုရီပါဝင်မှု (၁၅၀) ထက်မပိုတဲ့ အဆာပြေမုန့် (သို့) သစ်သီးတွေကိုစားသုံးသင့်ပါတယ်။

၃။ ညနေခင်း


ညနေခင်း (၄) နာရီလောက်မှာ Green Tea တစ်ခွက်သောက်ပေးသင့်ပါတယ်။ Green Tea မှာ အဆီလောင်ကျွမ်းစေတဲ့ ကယ်ဖင်းဓာတ်ပါဝင်ပြီး အားပြည့်စေတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ အမောခံနိုင်စေဖို့အထောက်အကူပြုပါတယ်။

ပြီးနောက်မှာတော့ မိနစ်(၃၀) ခန့် အဆီကျလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ထွေထွေထူးထူးမလုပ်နိုင်တဲ့သူတွေအနေနဲ့ စက်ဘီးစီးတာ လမ်းမြန်မြန်လျှောက်တာတွေ ပြုလုပ်ပေးရပါမယ်။

၄။ ညနေ (၆) နာရီမှ (၁၁) နာရီ

Photo Source: VideoHive

ညနေစာနဲ့အခြားအစားအသောက်တွေကို ညပိုင်း (၆) နာရီထက် နောက်မကျစေဘဲစားပေးဖို့လိုပါတယ်။ ကယ်လိုရီနည်းတဲ့ညနေစာဖြစ်ရပါမယ်။ ည (၇) နာရီနဲ့ (၈) နာရီကြားမှာတော့ ကြွက်သားတည်ဆောက်မှုအတွက် အထောက်အကူဖြစ်တဲ့ Workout အချို့ ဥပမာ Plank ထောက်ခြင်း၊ Squat ထိုင်ခြင်းနဲ့ Lunges စတဲ့ လေ့ကျင့်ခန်းတွေကိုစက္ကန့်အနည်းငယ်စီ ငါးမိနစ်ခန့်ပြုလုပ်ပေးပါ။

Photo Source: ShapeMagazine

အိပ်ခါနီးမှာတော့ အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းနဲ့အတူ Yoga Pose အနည်းငယ်ကိုပါတွဲဖက်ပြုလုပ်ပြီး အကြောပြန်လျှော့ပေးသင့်ပါတယ်။ နေ့စဉ် ည (၁၁) နာရီထက်နောက်မကျဘဲ အိပ်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar