ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းခြင်းက သင့်ဘဝကို အဆိုးဘက်ဆီ ဦးတည်စေပါတယ်။ ဘဝရဲ့စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အောင်မြင်တဲ့သူ၊ လုပ်ငန်းခွင်မှာလည်း တက်ကြွပြီး လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ဖို့အတွက် ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုပြန်ရအောင် တည်ဆောက်ခြင်းကလည်း နေ့ချင်းညချင်းပြောင်းလဲနိုင်တဲ့အရာတစ်ခုမဟုတ်တာကြောင့် ဖြေးဖြေးချင်းကိုယ့်ကိုကိုယ်ပြုပြင် လေ့ကျင့်ဖို့လိုပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးဖို့ နေ့စဉ်လက်တွေ့ပြုလုပ်နိုင်တဲ့ လွယ်ကူထိရောက်တဲ့ ပြောင်းလဲမှုအချို့ကိုမျှဝေပေးချင်ပါတယ်။
၁။ ကိုယ့်ကိုကိုယ်အကောင်းမြင်စေမယ့်အတွေးနဲ့စကားတွေကိုပဲတွေးခေါ်ပြောဆိုပါ။
Confidence နည်းတဲ့လူတော်တော်များများက ကိုယ့်ရဲ့အပြင်ပန်းပုံစံ၊ လုပ်နိုင်စွမ်းစတဲ့ အရာအားလုံးကို ကိုယ့်အတွေးနဲ့ကိုယ် ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိကြပါတယ်။ ဒီလိုမျိုး မကောင်းတဲ့အတွေးအမြင် တွေကိုလျော့ချနိုင်ဖို့အတွက် ကိုယ်ရဲ့အားသာချက်တွေကိုရေးချပြီး ကိုယ့်ကိုကိုယ်နေ့တိုင်းအားပေးဖို့လိုပါတယ်။ ဥပမာအနေနဲ့ “ငါကတန်ဖိုးရှိတယ်။ ငါလုပ်နိုင်တယ်။ ငါကကြည့်ကောင်းတယ်။” စတဲ့စကားလုံးတွေကို နေ့တိုင်းပြောပေးတာက သင့်အတွေးထဲမှာရှိတဲ့ မကောင်းမြင်စိတ်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားဖို့ အထောက်အကူပြုနိုင်ပါတယ်။
၂။ သင့်တော်တဲ့ဝတ်စားဆင်ယင်မှုရှိဖို့လိုပါတယ်။
“လူမှာအဝတ် တောင်းမှာအကွပ်” ဆိုတဲ့အတိုင်းပဲ သပ်ရပ်တဲ့ဝတ်စားဆင်ယင်ပုံကလည်း ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သင်ဝတ်တဲ့အဝတ်အစားက သင့်ရဲ့ပုံစံအစစ်အမှန်ကို ကိုယ်စားပြုတာမျိုးဖြစ်သင့်ပါတယ်။ သင်က သက်တောင့်သက်သာမရှိတဲ့အဝတ်အစားတွေ ကိုယ့်အကြိုက်မဟုတ်တဲ့အဝတ်အစားတွေကို ဝတ်ဆင်မယ်ဆိုရင် ကိုယ့်ကိုကိုယ်မလုံခြုံခြင်းနဲ့ ယုံကြည်မှုနည်းခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိနေစေဖို့ ကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားတွေကို နေ့စဉ်သပ်သပ်ရပ်ရပ်ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။
၃။ အသစ်အဆန်းတစ်ခုခုကိုလေ့လာသင်ယူပါ။
လေ့လာသင်ယူခြင်းကဘယ်တော့မှအချည်းနှီးမဖြစ်စေပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နေ့စဉ်ဖြေးဖြေးချင်းလေ့လာတာက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးမယ့်အပြင် ဘဝအောင်မြင်မှုလမ်းစတစ်ခုလည်းဖြစ်ပါတယ်။ ဥပမာ ကိုယ်နှစ်သက်တဲ့ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းကတစ်ဆင့် စိတ်ကူးထဲကသွားချင်တဲ့ နိုင်ငံမှာအခြေချနိုင်မယ့် ယုံကြည်မှုကိုပိုပြီး မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်စကားသုံးအသစ်တစ်ခုကိုသင်ယူပါ။ ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ပုံမှန်ဖတ်ပေးပါ။ ဝါသနာပါတဲ့အရာတွေကိုပြုလုပ်ပေးပါ။
၄။ ကိုယ့်ကိုကိုယ်ပုံမှန်ဂရုစိုက်ပါ။
ကိုယ့်ကိုကိုယ်အမြဲယုံကြည်စိတ်ချမှုရှိဖို့အတွက် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာအောင်ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် နေ့စဉ် Self-Care ပုံမှန်လုပ်တဲ့နေထိုင်မှုပုံစံကိုမွေးမြူပါ။ အသားအရေကိုဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်စားပါ။ ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ဒီလိုဂရုစိုက်မှုတွေကနေတစ်ဆင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု တည်ဆောက် နိုင်အောင် ကြိုးစားကြည့်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar