မဖြေရှင်းရသေးတဲ့ အခက်အခဲတွေနဲ့ နေ့စဉ်ဘဝပြဿနာတွေက လူတွေကို စိတ်ဓါတ်ကျဆင်းမှုဆီ ဦးတည်နေပါတယ်။ စိတ်ဓါတ်ကျခြင်းလို့ ခေါ်တဲ့ Depression ဝင်နေပြီဆိုရင် အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်လာပြီး စိတ်အတွေးမှာ အမှောင်တွေပဲ ကြီးစိုးနေတာကို ခံစားရပါလိမ့်မယ်။

ရေရှည်မှာ စိတ်ဓါတ်ကျဆင်းမှုဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ကျန်းမာရေးပြဿနာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓါတ်ကျနေပြီလို့ ခံစားရသူတွေအတွက် ကြိုတင်လုပ်ဆောင်ပေးသင့်တဲ့ Lifestyle အပြောင်းအလဲတချို့အကြောင်း အကြံပြုလိုက်ပါတယ်။

(၁) တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပြောင်းပါ

စိတ်ဖိစီးမှုကို ကိုင်တွယ်ဖို့အတွက် အရင်ဆုံး ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တာ ကောင်းပါတယ်။ ငြိမ်းချမ်းဆိတ်ငြိမ်ပြီး စိတ်ကြည်လင်မှုကို ပံ့ပိုးပေးနေတဲ့ သဘာဝပတ်ဝန်းကျင်နေရာကောင်းတစ်ခုခုမှာ တစ်လကိုးသီတင်းလောက် ဘာဝန်ထုပ်ဝန်ပိုးမှ သယ်မသွားဘဲ နေထိုင်ပါ။ ဒါမှမဟုတ် ရက်ရှည်ခရီးတစ်ခု ထွက်ကြည့်ပါ။ အရေးကြီးတာက ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့နေရာကနေ ခဏလောက် ခွာနေဖို့ပဲ ဖြစ်ပါတယ်။

(၂) ပုံမှန်လေ့ကျင့်ခန်းနဲ့ စားသောက်မှုစနစ် ထားပါ

Depression ဝင်တာဟာ ခန္ဓာကိုယ်ပေါ်ပါ သက်ရောက်မှုရှိပါတယ်။ စိတ်နဲ့ခန္ဓာဟာ အပြန်အလှန် ဆက်စပ်နေတဲ့အမျိုးဖြစ်လို့ စိတ်ကိုကုစားဖို့ ကိုယ့်ခန္ဓာဟာ အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ လိုပါတယ်။ မနက်ခင်း လမ်းလျှောက်တာကနေ ယောဂကစားတာ ၊ အဆီအငန် နည်းတဲ့ Diet စားတာမျိုး လုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းပါ။

(၃) မိတ်ဆွေကောင်းတွေနဲ့ နေပါ

ကိုယ့်စိတ်နှလုံး အေးမြစေမယ့် အကြောင်းအရာတွေကို ပြောဆို လမ်းပြကူညီနိုင်မယ့် သူငယ်ချင်းတွေနဲ့အတူ နေတာကလည်း စိတ်ဖိစီးမှု ၊ အထီးကျန်မှုနဲ့ စိတ်ဓါတ်ကျဆင်းမှုကို သက်သာအောင် ဖြေဆည်ပေးနိုင်စွမ်း ရှိပါတယ်။ စိတ်ကို ကုစားရာမှာ ကိုယ့်စိတ်နှလုံးကို အကောင်းဘက်အမြင်နဲ့ မြင်အောင် ပြောပြထောက်ကူသူတွေရဲ့ အသံကြားရတာဟာ တကယ့်နည်းလမ်းကောင်းပါပဲ။

(၄) ဘာသာရေးအဆုံးအမကို လိုက်နာပါ

ဘာသာတရားတိုင်းမှာ အင်မတန်ကောင်းမွန်တဲ့ နေထိုင်မှုဆိုင်ရာ သင်ကြားချက်တွေ ရှိကြပါတယ်။ ဘာသာရေးတွေဟာ မေတ္တာတရား ၊ ကိုယ်ချင်းစာမှု ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနည်းစနစ်တွေ အားလုံးကို သင်ပြတာ ဖြစ်ပါတယ်။ ကိုယ်ကိုးကွယ်ရာ ဘာသာက သင်ကြားတဲ့ အကောင်းဆုံး နေထိုင်နည်းအတိုင်း နေသွားမယ်ဆိုရင်ကိုပဲ နေ့စဉ်ဘဝစိတ်ဓါတ်ကျခြင်းကို ရင်ဆိုင်ရာမှာ ထိရောက်အောင်မြင်မှုရှိမှာ ဖြစ်ပါတယ်။