MyStyle Myanmar ပရိသတ်တို့ရေ..မဂ်လာပါနော်။ ဒီနေ့မှာတော့ ဖက်ရှင်အပိုင်းနဲ့ ပတ်သက်ပြီး ဖက်ရှင်ချစ်သူပျိုမေတိုင်းမှာ မရှိမဖြစ် ‌ဆောင်ထားတဲ့အိတ်လေးတွေကို အလွယ်တကူ မပျက်စီးသွားအောင် ဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတဲ့အကြောင်းကို မျှဝေပေးမှာပဲ့ဖြစ်ပါတယ်။ ဖက်ရှင်ကျတဲ့ပျိုမေတိုင်းမှာ အိတ်ကောင်းကောင်းလေးတစ်လုံးလောက်တော့ ရှိထားသင့်တယ်ဆိုပေမယ့် တကယ်ဝယ်ကိုင်တဲ့အခါမှာ ကောင်းကောင်းမထိန်းသိမ်းနိုင်ရင်တော့ အလွယ်တကူပျက်စီးသွားတတ်ပါတယ်။ အဲ့ဒီအချိန်တွေဆို အရမ်းနှမြောဖို့ကောင်းတာကို ပျိုမေတို့ ကြုံဖူးကြမယ်ထင်ပါတယ်။

ကဲ..ဒါကြောင့် ဈေးကြီးပေးထားရတဲ့အိတ်တွေကို အလွယ်တကူ မပျက်စီးစေဖို့အတွက် ဒီလိုနည်းလမ်းကောင်းလေးတွေနဲ့ သေချာထိန်းသိမ်းလိုက်ကြရအောင်…

ကြမ်းပြင်မှာချထားတာမျိုး မလုပ်ပါနဲ့

အပြင်တွေသွားလို့အိတ်ကိုချထားရတော့မယ်ဆိုရင် ကြမ်းပြင်ပေါ်မှာချထားလိုက်တာမျိုးကို ဆင်ခြင်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင်ပေါင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဘေးခုံလေးပေါ်မှာပဲဖြစ်ဖြစ် ချထားတာကပိုပြီးတော့ သင့်တော်ပါတယ်။ ကြမ်းပြင်ပေါ်မှာဒီတိုင်းပဲ ချထားလိုက်တဲ့အခါ အိတ်ကိုညစ်ပတ်သွားတာမျိုးတွေ ဖြစ်စေတတ်တာကိုတော့ သတိထားမိဖို့လိုပါတယ်နော်။

အိတ်တွေကို DustBagထဲ ထည့်သိမ်းပါ

အိတ်တွေကိုသိမ်းတဲ့အခါမှာလည်း တကယ်ကိုအရေးကြီးပါတယ်နော်။ ဝယ်တုန်းကပါလာတဲ့ DustBag အိတ်ထဲကိုထည့်ပြီး သိမ်းတာမျိုးက ပျက်စီးမှုအန္တရာယ်တွေကနေ လျော့နည်းစေမှာပါ။ ဒါကြောင့်မသုံးဖြစ်တော့တဲ့အချိန်တွေမှာ သိမ်းဖို့  DustBag လေးကိုဆောင်ထားသင့်တယ်နော်။

ဂရုတစိုက်ကိုင်တွယ်ပါ

နေ့တိုင်းသွားလာနေရတဲ့အချိန်တွေမှာ ဈေးကြီးတာတွေကိုကိုင်တွယ်ဖို့ကို ဆင်ခြင်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ အသုံးပြုချင်တယ်ဆိုရင်တော့လည်း သေချာရိုရိုသေသေလေး ကိုင်ဖို့လိုပါတယ်နော်။ ပစ်စလက်ခက် ဟိုနားချ၊ ဒီနားချ သိမ်းချင်တဲ့နေရာမှာသိမ်း စတာမျိုးတွေဆိုရင်တော့ ခဏလေးနဲ့ပျက်စီးသွားမှာပဲဖြစ်ပါတယ်။ မိတ်ကပ်တွေနဲ့ ဘောပင်ကနေဖြစ်လာနိုင်တဲ့ ပေကျံမှုတွေကိုလဲ ဆင်ခြင်ဖို့လိုပါတယ်။

နေ့တိုင်းသုံးတာမျိုး ရှောင်ကြဉ်ပေးပါ

နေ့တိုင်းသုံးတာမျိုးက အိတ်ကိုပိုပြီးတော့ ပျက်စီးစေဖို့အခွင့်အရေးပိုပြီးတော့ များနေပါတယ်။ ဒါကြောင့် တစ်ခြားအိတ်တွေနဲ့ တစ်လှည့်စီကိုင်ဖို့လိုပါတယ်။ တစ်လှည့်စီကိုင်တဲ့အခါမှာလည်း အိတ်ကိုနေရာတကျ နည်းလမ်းမှန်ကန်စွာ သိမ်းတတ်ဖို့လိုပါတယ်။

ဒီလိုအရာမျိုးတွေမှာ သေချာထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်မယ်ဆိုရင်တော့ ပေးရတဲ့ဈေးနဲ့ထိုက်တန်တဲ့ အိတ်မျိုးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။