မင်္ဂလာပါ ပျိုမေတို့ရေ။ စိုစွတ်မှုများပြီး အိုက်စပ်စပ်ဖြစ်တတ်တဲ့ မိုးတွင်းမှာ ခေါင်းလျှော်ပြီးခဏနဲ့ ဆံသားတွေ စေးကပ်ကပ်ဖြစ်လာတာမျိုးကို တော်တော်များများကြုံရတတ်ပါတယ်။ ဆံသားအဆီပြန်တတ်တဲ့သူတွေဆို ပိုဆိုးပါတယ်။ ဒီလိုဆံပင်ကပ်စေးပြီး ပုံပျက်နေတာက လူတွေကြားထဲရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ပြီး စိတ်ကသိကအောက်ဖြစ်စေတာမို့ ဒီတစ်ခေါက်မှာ ခေါင်းမလျှော်ဖြစ်တဲ့နေ့တွေမှာလည်း ဆံပင်အရမ်းကပ်မနေအောင် လွယ်လွယ်ကူကူ ပြုပြင်နိုင်မယ့်အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ Dry Shampoo (သို့) ပေါင်ဒါသုံးနိုင်ပါတယ်

ခေါင်းမလျှော်ဖြစ်တဲ့အခါ Dry Shampoo ဒါမှမဟုတ် အလွယ်ရတဲ့ ပေါင်ဒါမှုန့်တစ်မျိုးကို ဦးရေပြားနဲ့ ဆံပင်အရင်းနားတစ်ဝိုက် အသုံးပြုပေးတာက စေးကပ်နေတဲ့အဆီတွေကို စုပ်ယူပေးလိုက်သလို ဖြစ်စေတာကြောင့် သင့်ကို ခေါင်းမလျှော်ထားမှန်း မသိသာအောင် ကူညီပေးမှာပါ။ တစ်ခါတစ်ရံမှာ Dry Shampoo အသုံးများရင်လည်း ဆံသားခြောက်ကပ်စေတတ်တာကြောင့် အလွန်အကျွံမသုံးမိအောင်တော့ သတိထားပေးရပါမယ်။

၂။ ကျစ်ဆံမြီးနဲ့ ဆံထုံးလေးတွေ ပြင်ဆင်ကြည့်ပါ

လူတွေကြားထဲမှာ ခေါင်းအဆီပြန်တာ ချွေးနံ့ထွက်တာတွေမသိသာစေဖို့ ကျစ်ဆံမြီးကျစ်တာ၊ ခပ်ပွပွဆံထုံးမြင့်မြင့်လေးထုံးတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါက ဆံပင်မှာရှိတဲ့အဆီနဲ့ အညစ်အကြေးတွေ မျက်နှာနဲ့မကပ်အောင်ကာကွယ်ရာလည်းရောက်သလို ဆံပင်ပုံစံလေးသပ်ရပ်ပြီး သင့်စိတ်ကိုလည်း ပေါ့ပါးသွားစေမှာပါ။

၃။ ဆံပင်အဖျားကို Hair Serum တစ်မျိုးလိမ်းပေးပါ

ခေါင်းမလျှော်ရသေးလို့ ခြောက်သွေ့ပြီး ရှုပ်ပွနေတဲ့ဆံသားအဖျားတွေကို Hair Serum တစ်မျိုး လိမ်းထားပေးတာကလည်း ဆံပင်အတွန့်တွေပြေပြီး စိုစိုပြေပြေလေးဖြစ်သွားစေမှာပါ။

၄။ ဆံပင်အရင်းပိုင်းတွေကို ခေါင်းဖြီးနဲ့ ဖွပေးပါ

ချွေးနဲ့ကပ်နေတဲ့ ဆံပင်အရင်းတွေကို ခေါင်းဖြီးနဲ့ နောက်ပြန်ဖြီးပြီး ခပ်ပွပွလေးဖြစ်အောင် လုပ်ပေးတာက ဆံသားကိုဖောင်းဖောင်းလေးဖြစ်စေပြီး ဆံပင်အရမ်းကပ်နေပုံမပေါက်အောင် ပြုပြင်ပေးနိုင်ပါတယ်။

၅။ ဆံသားရှေ့တစ်ဝက်ခွဲပြီး ခေါင်းလျှော်နိုင်ပါတယ်

ဆံပင်ရှည်လို့ ခေါင်းလျှော်ရတာ ကြာတတ်တဲ့သူတွေအတွက် ဆံသားစေးကပ်ခြင်းသက်သာဖို့ တစ်ခါတစ်ရံမှာ ဆံကြောင်းရှေ့ပိုင်းကို တစ်ဝက်ခွဲပြီး ခေါင်းလျှော်တာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်နော်။ ဒါက အချိန်ကုန်သက်သာစေသလို သင့်ကို ဆံပင်ပုံလည်းမပျက်ဘဲ ကြည့်ကောင်းစေဖို့ ကူညီပေးမှာပါ။

၆။ ခေါင်းစည်းနဲ့ ဦးထုပ်လေးတွေ ဆောင်းကြည့်ပါ

စေးကပ်နေတဲ့ဆံပင်နဲ့ ခေါင်းကအနံ့တွေမသိသာဖို့ ဦးထုပ်၊ ခေါင်းစည်းစတာတွေ ဝတ်ဆင်တာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါက သင့်ဆံပင်ပုံကိုလည်း သေချာမမြင်ရတော့ဘဲ အာရုံလွဲစေတာမို့ အချိန်ကုန်ခံပြီး ဆံပင်ပုံသွင်းနေစရာ မလိုအောင် ပြင်ဆင်ပြီးသားဖြစ်စေမှာပါ။

Photo Source: luxyhair.com, Pinterest