အချစ်ရေးအချစ်ရာဆိုတာ ဘယ်တော့မှလွယ်ကူဖြောင့်တန်းတယ်မရှိပါဘူး။ ဒါပေမယ့်လည်း Relationship တစ်ခု ရေရှည်ပျော်ရွှင်ဖို့အတွက် သိထားသင့်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။
ဒီသင်ခန်းစာတွေကိုသာ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးမယ်ဆိုရင် ပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ Relationship တစ်ခုတည်ဆောက်နိုင်မှာပါ။
မျှတတဲ့အမြင်ရှိပါ
အဆင်မပြေလို့ ကတောက်ကဆ ဖြစ်ချိန်မှာလည်း နှစ်ဦးနှစ်ဖက် အခြေအနေကို ဟန်ချက်ညီညီ ရှုမြင်ဖြေရှင်းဖို့ လိုပါတယ်။ ကိုယ့်ခံစားချက်နဲ့ ကိုယ့်အမြင်ကိုပဲ ရှေ့တန်းတင်လွန်းရင်ပဲဖြစ်ဖြစ် ကိုယ်သာ အပြစ်သားဖြစ်ပြီး တစ်ဖက်လူ ဘယ်တော့မှ မမှားလို့ မြင်တာပဲဖြစ်ဖြစ် ဒီအမြင်နှစ်ခုလုံးဟာ တလွဲတွေပါပဲ။
ပြဿနာတစ်ခုကို ဝုန်းဒိုင်းကြဲ ရှင်းပစ်မယ်ဆိုတာမျိုးထက် ခေါင်းအေးအေးထားပြီး နှစ်ဖက်စလုံး စိတ်သက်သာရာရမယ့် အချိန်တစ်ခုခု ရွေးပြီးမှ ဖြေရှင်းတာဟာ ရေရှည် နှစ်ဦးသားဆက်ဆံရေးကို ပိုပြီး သာယာပြေလည်စေမှာပါ။
အတိတ်က ကိစ္စတွေထားခဲ့ပါ
လူတိုင်းမှာ မှောင်မည်းခဲ့တဲ့ ကာလတွေ ရှိပါတယ်။ ဘယ်တော့မှ အဖြူစင်ဆုံး လူသားတွေ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အားနည်းချက် ၊ ကိုယ့်အားနည်းချက် နှစ်ဖက်နှစ်ခွ လက်ခံတတ်တဲ့သူ ဖြစ်ဖို့က အရေးကြီးပါတယ်။
ကိုယ်ချစ်လို့ လက်တွဲတဲ့ ချစ်သူကို ကောင်းကောင်းဆိုးဆိုး ချစ်မြဲချစ်ဖို့ ကတိပြုပါ။ လူတစ်ယောက်ကို အကြောင်းပြချက်ကိုယ်စီနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။
နားထောင်ပေးပါ
ချစ်သူရည်းစားဘဝပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝပဲရောက်ရောက် အတူတူ ပြဿနာတွေ ဖြေရှင်းနေရချိန်မှာ ကိုယ့်ဇနီးမယား ၊ ရည်းစားချစ်သူရဲ့ စကားသံကို တကယ်နားလည်အောင် နားထောင်ပေးဖို့က ပိုပြီး အရေးပါသလို ထိရောက်မှုလည်း ရှိပါတယ်။
လူတစ်ယောက် ပြောချင်တာကို နားထောင်ပေးတယ်ဆိုတာ ကိုယ်သဘောမတူတဲ့ အရာကို ခေါင်းငြိမ့်လိုက်တာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်အကြောင်းတရားကို နားလည်ဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်သလို ပြဿနာ ဖြေရှင်းမှုတိုင်းအတွက် အမြဲမှန်ကန်သေချာတဲ့ သဘောတရားလည်း ဖြစ်ပါတယ်။