အရွယ်တစ်ခုရောက်လာချိန်မှာ အဖိုးတန်တဲ့ သင်ခန်းစာတွေကို ကြေညက်အောင် တတ်မြောက်သွားသူတွေပဲ ပိုမိုအောင်မြင် ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ အရွယ်ရောက်လာတဲ့ လူငယ်တစ်ယောက်အတွက် သိထားသင့်တဲ့ အချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်ထိန်းချုပ်နိုင်တဲ့အပေါ်ပဲ အာရုံစိုက်ပါ

လုပ်ရမယ့်အချက်တွေထဲက အရေးကြီးတာတစ်ခုက ကိုယ်လုပ်နိုင်မယ့်အပိုင်းကိုပဲ အရင်အာရုံစိုက်ဖို့နဲ့ ကိုယ်နဲ့ သိပ်ဝေးကွာလွန်းတဲ့အရာတွေနောက် အာရုံမလွင့်ပါးဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ထိန်းချုပ်မှုစက်ကွင်းထဲက အရာတွေကို သေချာအာရုံစိုက်ပြီးပြီဆိုရင်တော့ အကောင်းဆုံးလုပ်ဆောင်ဖို့လည်း လိုမှာပါ။

(၂) လက်ရှိအချိန်မှာ နေထိုင်ပါ

အနာဂါတ်အစီအစဉ်တွေဟာ ဘယ်လောက်ပဲ ခိုင်မာအောင်ရေးဆွဲရေးဆွဲ သေချာတယ်လို့ ဘယ်တော့မှ ပြောမရပါဘူး။ မသေချာမှုတွေနဲ့ ပြည့်နေတဲ့ အနာဂါတ်ကို သိပ်တွေးနေမယ့်အစား လက်ရှိအချိန်အခိုက်အတန့်တိုင်းမှာ ပြည့်ပြည့်ဝဝနေထိုင်ပြီး အနာဂါတ်ကို ပုံဖော်သင့်ပါတယ်။

(၃) တကယ်တန်ဖိုးထားရမယ့်အရာ သိပါစေ

အသက်ငယ်တုန်းမှာတော့ ပိုက်ဆံပေးပြီး ဝယ်ရတဲ့ ရုပ်ဝတ္ထုတွေဟာ လိုချင်တပ်မက်စရာ ၊ တန်ဖိုးထားစရာ ဖြစ်နေနိုင်ပါတယ်။ အသိဉာဏ်နဲ့ စိတ်ဓါတ်ရင့်ကျက်လာပြီဆိုရင်တော့ စစ်မှန်တဲ့ မိတ်ဆွေဖြစ်ခြင်း ၊ သစ္စာ ၊ ချစ်ခြင်းမေတ္တာနဲ့ ရိုးသားဖြူစင်မှုတို့လို အရည်အသွေးတွေဟာ တန်ဖိုးထားဖို့ကောင်းတယ်ဆိုတာ တွေ့လာရမှာပါ။ ဘဝရဲ့ အနှစ်သာရနဲ့ အရည်အသွေးဆိုတာ ကိုယ်နှစ်မြှပ်ထားတဲ့ အချိန်တွေ ၊ စွမ်းအင်နဲ့ ငွေကြေးတွေကနေ ရလာတာ ဖြစ်လို့ ဉာဏ်ပါပါ ရွေးချယ်တတ်ဖို့ လိုပါတယ်။

(၄) စွန့်လွှတ်ရဲပါစေ

အမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ အပျင်းကြီးတဲ့စိတ် ၊ ဖင့်နွှဲလေးကန်တဲ့စိတ် ၊ တွန့်ဆုတ် ကြောက်ရွံ့တဲ့စိတ်တွေ စွန့်လွှတ်ပီး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ရဲရင့်တဲ့စိတ် ၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုကို ကြိုဆိုတဲ့စိတ်တွေ မွေးဖို့ လိုပါတယ်။ ပိုပြီး တိုးတက်ချင်တယ်ဆိုရင် တစ်ခါတလေမှာ ဘာမှ ဝါယမစိုက်စရာမလိုဘူးဆိုတဲ့ နေရာကနေလည်း ခွာရဲဖို့ လိုမှာပါ။

(၅) ကိုယ့်လမ်းကြောင်းကို ကိုယ်ဖောက်ပါ

လူဟာ ကိုယ့်နာမည်နဲ့ ကိုယ် လောကမှာ လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပုံဖော်ဖို့ တာဝန်ရှိပါတယ်။ ဘယ်လိုမိဘအသိုင်းအဝိုင်းပဲကပဲလာလာ ၊ အတိတ်မှာ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီကစလို့ ကိုယ့်ခြေပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဂုဏ်ကိုယ့်သတင်းနဲ့ကိုယ့်နာမည်ကိုယ် တည်ဆောက်ရမယ်လို့ သံဓိဌာန်ပြုလိုက်ပါ။

ဒီသင်ခန်းစာတွေကို ကြိုကြိုတင်တင် နားလည်ထားမယ်ဆိုရင် ဘဝခရီးကို ဖြတ်သန်းမယ့် လူငယ်တစ်ယောက်အတွက် အထောက်အပံ့ကောင်းတွေ ရရှိမှာ အမှန်ပါပဲ။