တကယ်လို့ သင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မွေးဖွားလာပြီး အခုချိန်မှာ အနည်းဆုံး အသက် ၂၅ နှစ်ရှိတဲ့ လူတစ်ယောက်ဆိုရင် ဘဝကို ပြောင်းလဲစေနိုင်တဲ့ ရုပ်ရှင်ကားတချို့အကြောင်း လက်တို့ချင်ပါတယ်။ Life Changing ဖြစ်စေတယ်ဆိုတာ တခြားမဟုတ်ပါဘူး။ ဒီရုပ်ရှင်တွေက ကျွန်တော်တို့ရဲ့ ဘဝပုံစံတွေအပေါ် လွှမ်းမိုးမှု ရှိစေနိုင်လို့ပဲ ဖြစ်ပါတယ်။

(၁) Selena

Photo: InReview

Selena ဆိုတာ ၉၇ ခုနှစ်က ထွက်ခဲ့တဲ့ အတ္ထုပ္ပတ္တိအမျိုးအစား ဂီတဒရာမာရုပ်ရှင်ကားတစ်ကားပါ။ တက္ကဆက်ပြည်နယ်မက္ကဆီကန်- အမေရိကန်နွယ် ဆီလီနာ ကွင်တန်နီလာ ပီရက်ဇ်အကြောင်း ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အောင်မြင်မှုနဲ့ ပါရမီအစွမ်းကုန် လန်းပွင့်နေချိန်မှာ သူမရဲ့ Fan Club ဥက္ကဌက သတ်ဖြတ်တာ ခံခဲ့ရသူပါ။

သူမဟာ ဟစ္စပါးနစ်ယဉ်ကျေးမှုကို ဂီတကနေ တစ်ဆင့် လူထုဆီ မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ သက်တမ်းတိုလှတဲ့ ပါရမီရှင်တစ်ဦးရဲ့ ဘဝအကြောင်းကို ကြည့်ရတာဟာ ပညာလည်းရ ၊ အားလည်းကျရသလို စိတ်လည်း ထိခိုက်စေနိုင်ပါတယ်။

(၂) Titanic

Photo: GoldPoster

သမိုင်းဝင်ဒရာမာကားကောင်းတစ်ကောင်းဖြစ်တဲ့ Titanic ကို အတော်များများ ကြည့်ဖူးကြမှာပါ။ အခြေမတူ လူမှုအဆင့်အတန်း ကွာခြားသူနှစ်ဦးရဲ့ အချစ်အကြောင်း ရိုက်ထားတာ ဖြစ်ပါတယ်။ 90s Born တွေ ရင်ခုန်ကြည်နူးခဲ့ရတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အခုအရွယ်နဲ့ ပြန်ကြည့်လိုက်ပါ။ ခံစားချက်တွေ ဘယ်လိုနေသလဲဆိုတာ သိရအောင််လို့ ဖြစ်ပါတယ်။

(၃) Malcolm X

Photo: Austin Justice Coalition

နာမည်ကြီး အတ္ထုပ္ပတ္တိရုပ်ရှင်ကားကောင်းတစ်ခု အဖြစ် Malcolm X ကိုလည်း အသိအမှတ်ပြုကြပါတယ်။ အာဖရို-အမေရိကန် တက်ကြွလှုပ်ရှားသူ မယ်လ်ကွန်အိတ်ချ်ရဲ့ အကြောင်း ဖြစ်ပါတယ်။ ၉၂ ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပါတယ်။ အပေအတေလူတစ်ယောက်ကနေ ကြီးကျယ်ထင်ရှားတဲ့ လူ့အခွင့်အရေးခေါင်းဆောင်နဲ့ ကျော်ကြားတဲ့ ဟောပြောသူတစ်ယောက်အကြောင်း ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။

(၄) The Lion King

Photo: justwatch

Disney က ထုတ်တဲ့ The Lion King ဟာ ဒီနေ့အထိ အောင်မြင်မှုရနေဆဲ အန်နီမေးရှင်းရုပ်ရှင် ဖြစ်ပါတယ်။ Disney Animation Studios က ထွက်တဲ့ ရုပ်ရှင်တွေထဲမှာ တတိယဝင်ငွေအများဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ငယ်ငယ်က မိသားစုနဲ့ ကြည့်ခဲ့ရတဲ့ ကားလေးပါ။ အခုတော့ လူကြီးတစ်ယောက်အနေနဲ့ ပြန်ကြည့်လိုက်ပါဦး။

(၅) Rocky

Photo: InsideHook

Rocky ဟာ အကြမ်းပတမ်း လက်ဝှေ့ကားသက်သက် မဟုတ်ပါဘူး။ Rocky ရုပ်ရှင်တွေဟာ ဘဝမှာ ကိုယ်လိုချင်တာကို ရအောင် ယူနိုင်တဲ့ အစွမ်းရှိအောင် သင်ကြားပေးပါတယ်။ ဒီရုပ်ရှင်ကြောင့်နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ကိုယ်တိုင်ကလည်း စိတ်ခွန်အားပေးနိုင်စွမ်း ရှိပါတယ်။ စတားလုံးဟာ Rocky ဇာတ်ညွှန်းကို ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်သရုပ်ဆောင် ရိုက်ကူးခဲ့တာပါ။

Rocky ကို ရိုက်ကူးမှုလုပ်ဖို့အတွက် သူ့ခွေးကိုပါ ရောင်းချခဲ့ရလောက်အောင် မွဲနေခဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဒေါ်လာ ၁ သန်းပဲ သုံးပြီး ရိုက်ခဲ့ပေမယ့် ဒေါ်လာ ၂၂၅ သန်းအထိ ဝင်ခဲ့ပါတယ်။ Rocky နာမည်နဲ့ ၆ ကားအထိ ထွက်ခဲ့ပါတယ်။ ပထမဆုံး Rocky ကားကို ၁၉၇၆ ဒီဇင်ဘာထဲမှာ ထွက်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကျော် ကြာပြီဆိုပေမယ့် Rocky ကတော့ အောင်မြင်မှုတံတိုင်းကို ကျောက်သားတွေနဲ့ တည်ဆောက်ထားတာ ဖြစ်လို့ အခုထိ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။