မင်္ဂလာပါနော်။ မျိုးဆက်သစ် Kpop အဖွဲ့တွေထဲမှာ ‘Fearless’ ၊ ‘Antifragile’ စတဲ့သီချင်းကောင်းတွေနဲ့ လူသိများလာတဲ့ LE SSERAFIM အဖွဲ့ကိုတော့ Kpop ကြိုက် ပရိသတ်တော်တော်များများ ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီအဖွဲ့ထဲက အငယ်ဆုံးလေး Eunchae ဟာဆိုရင် သူမရဲ့ ပါးလေးဖောင်းပြီး ကလေးရုပ်မပျောက်သေးတဲ့ ချစ်စရာ Visual ကြောင့် တစ်ဖွဲ့လုံးရဲ့ သည်းသည်းလှုပ်အချစ်ခံရသူလေး ဖြစ်ပါတယ်။


၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ မွေးခဲ့သူမို့ အသက် ၁၆ နှစ်သာရှိသေးတဲ့ Eunchae ဟာ Idol ဖြစ်ပေမယ့် သူမရဲ့ ဆယ်ကျော်သက်အရွယ်နဲ့လိုက်အောင် သဘာဝဆန်ဆန် မိတ်ကပ် Look တွေ၊ ဆံပင်ကိုလည်း ဆေးဆိုးတာထက် ချစ်စရာကောင်းတဲ့ Hairstyle လေးတွေ ပြောင်းတာမျိုးကိုသာ အသားပေး ပြင်တတ်သူပါ။


သူမရဲ့ ဆံပင်စတိုင်လေးတွေက သဘာဝဆံနွယ်ကိုမှ ပုံစံလှလှလေးပြောင်းချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် နမူနာယူနိုင်မှာဖြစ်လို့ စိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် Eunchae လေးရဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အနက်ရောင်ဆံနွယ်ရှည်လေးတွေပိုင်ဆိုင်ထားတဲ့သူတွေက ကျစ်ဆံမြီးလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်နော်။ Eunchae လို ကျစ်ဆံမြီးလှလှလေးတွေ ကျစ်ကြည့်ပါ။


ထွေထွေထူးထူးမပြင်ချင်တဲ့သူတွေက ဒီလိုကလစ်လေးတွေ ဆင်တူ နှစ်ခု၊ သုံးခု ထိုးတာမျိုး လုပ်ကြည့်ပါနော်။ ဒီတိုင်းချထားတာနဲ့စာရင် မျက်နှာလေးပိုလင်းပြီး ချစ်စရာကောင်းပါတယ်။


Half Up Pigtails လို့ခေါ်တဲ့ ဘေးနှစ်ဖက် ဆံပင်တစ်ဝက်စည်းပုံစံလေးကလည်း ကလေးဆန်တာမို့ Eunchae လို ဆယ်ကျော်သက်လေးတွေနဲ့ အရမ်းလိုက်ဖက်မှာပါ။ ဘေးနှစ်ဖက်ကို ဆံကြောင်းလေးခွဲပြီး ခပ်မြင့်မြင့်စည်းလိုက်ရုံပဲမို့ အချိန်မပေးရဘဲ ထသွားထလာ လုပ်နိုင်မယ့် Hairstyle လေးဖြစ်ပါတယ်။


ဆံထုံးအသေးလေးတွေ ထုံးလိုက်တာက ဆံပင်အနက်မို့ မပေါ်မှာစိတ်ပူစရာမလိုဘဲ တစ်မျိုးလေးဆန်းပြီး လှနေမှာပါနော်။ Eunchae ထုံးထားတဲ့ပုံစံလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။

မျက်နှာဘေးနှစ်ဖက်မှာ ကျစ်ဆံမြီးသေးသေးကျစ်ကျစ်လေးတွေထည့်ပေးတာကလည်း အချိန်သိပ်မပေးရဘဲ လုပ်ရလွယ်တဲ့အပြင် ဆံပင်အနက်နဲ့လိုက်မယ့် Hairstyle လေးဆိုရင်လည်း မမှားပါဘူး။

ဒီလို တစ်ဝက်အမြင့်စည်းလေးတွေကလည်း မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းပါတယ်နော်။ Hair Accessories လေးတွေပါရင် ပိုလှတာမို့ Eunchae လို ဖဲပြားလေးနဲ့ စည်းကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar