သင်က အကြောင်းအမျိုးမျိုးကြောင့် ဘာသာစကား လေ့လာနေသူဆိုရင် ဒီအကြောင်းအရာကို မဖြစ်မနေ ဖတ်သင့်ပါတယ်။ ဘာသာစကားတစ်ခုကို သင်လတ်စနဲ့ တခြား ကျွမ်းကျင်သူတွေလိုပဲ အနည်းနဲ့ အများတော့ ရသွားသင့်ပါတယ်။ ဒီလိုမှ သင် ပေးရတဲ့ အချိန်နဲ့ ငွေကြေးက ကုန်ရကျိုး နပ်မှာပါ။ ဒီတော့ ဘာသာစကားတစ်ခုကို ဘယ်လိုထိထိရောက်ရောက် လေ့လာမလဲ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ပုံမှန်လုပ်သွားပါ

လူအများစု ဘာသာစကား လေ့လာတဲ့အခါ ကြုံရတဲ့ အရာတစ်ခုကတော့ အစပိုင်းမှာ တက်ကြွပေမယ့် နောက်ပိုင်းတော့ မလုပ်ဖြစ်တော့ဘဲ ဒီအတိုင်းက ဒီအတိုင်း ဖြစ်သွားတာပါပဲ။ အစကနေ ရှေ့မဆက်နိုင်တော့တဲ့ အခက်အခဲကို အများစု ကြုံရတတ်ပါတယ်။ ဒီလို မဖြစ်သွားဖို့ ပုံမှန်လုပ်သွားသင့်ပါတယ်။ တစ်နေ့ကို အများကြီး မလုပ်နိုင်ရင်တောင် ၁၀ မိနစ် ကနေ ၁၅ မိနစ် လုပ်သွားသင့်ပါတယ်။ စကားလုံးအသစ်တွေကို နေ့တိုင်း လေ့လာဖို့လည်း မမေ့သင့်ပါဘူး။

၂။ စကားလုံး အသစ်တွေကို နေ့တိုင်း လေ့လာသွားပါ

တစ်နေ့မှာ စကားလုံး ၅ လုံးကနေ ၁၀ လုံး လေ့လာသင့်ပါတယ်။ ကျက်ပြီးတာနဲ့ Flashcard ပေါ် ရေးကာ တစ်ပတ်ပြီးတာနဲ့ ကျက်ခဲ့သမျှ စကားလုံး အားလုံးကို Revision လုပ်သင့်ပါတယ်။

၃။ ဒိုင်ယာရီ ရေးပါ

သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ သင်သိသလောက် ဒိုင်ယာရီရေးတာကလည်း ဘာသာစကား တက်ကျွမ်းဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ တစ်နေ့မှာ ၅ ကြောင်းကနေ ၆ ကြောင်းရေးရုံနဲ့ လုံလောက်ပါတယ်။ ဒီနည်းလမ်းကြောင့် အရင်က ရေးခဲ့ဖူးတဲ့ စာတွေကို ပြန်ဖတ်ပြီး ဘယ်နေရာ မှားနေလဲ ပြန်ကြည့်လို့ရပါတယ်။

၄။ ဇာတ်လမ်းတွေ ကြည့်ပါ

သင်လေ့လာနေတဲ့ ဘာသာစကားနဲ့ ပြောထားတဲ့ ဇာတ်လမ်းတွေ၊ သီချင်းတွေ လိုက်ကြည့်သင့်ပါတယ်။ ပြီးတာနဲ့ သူတို့ ပြောတဲ့ အပိုင်းတွေကို Subtitle မပါဘဲ ထပ်ကြည့်သင့်ပါတယ်။ ဒီလို ကြည့်ပေးတဲ့အခါ သင်ဘယ်လောက်နားလည်သွားပြီလဲ သုံးသပ်လို့ရပါတယ်။

၅။ Grammar နဲ့ Vocabulary ကို နေ့တိုင်းကျင့်ပါ

ဒီနှစ်ခုကို ပုံမှန် လေ့ကျင့်သင့်သလို သင့်ကိုယ်သင် စကားပြန်ပြောကြည့်သင့်ပါတယ်။ အင်တာနက်ကို အကျိုးရှိစွာ အသုံးချကာ ဘာသာပြန်ပေးတဲ့ Website တွေ၊ သင့်လိုပဲ စကားပြောလေ့ကျင့်နေသူတွေနဲ့ မိတ်ဖွဲနိုင်ပါသေးတယ်။

၆။ ဗီဒီယိုတိုတိုလေးတွေကို လိုက်ကြည့်ပါ

ကလေးတွေအတွက် ဖန်တီးထားတဲ့ ဗီဒီယိုအတိုလေးတွေကို လိုက်ကြည့်တာကလည်း ဘာသာစကား ကျွမ်းကျင်ဖို့ နည်းလမ်းတစ်ခုပါပဲ။ သင်က သူတို့ ပြောတာကို နားလည်တာနဲ့ ဒီထက် ခက်ခဲတဲ့ ဗီဒီယိုတွေကို လိုက်ရှာကြည့်နိုင်ပါတယ်။

ဒီဖော်ပြပါ နည်းလမ်းတွေကို သင်ဘာသာစကားလေ့လာတဲ့ လုပ်ငန်းစဉ်ထဲမှာ ထည့်ပေးမယ်ဆိုရင် အရင်ထက် ပိုကျွမ်းကျင်လာမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar