မင်္ဂလာပါနော်။ ကိုးရီးယား တစ်ကိုယ်တော် အဆိုတော်မလေး BIBI ကတော့ အများနဲ့ကွဲထွက်နေတဲ့ ကိုယ်ပိုင်သီဆိုဟန်၊ အဓိပ္ပာယ်ထိမိတဲ့ သီချင်းစာသားတွေကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အနုပညာရှင်တစ်ဦးပါ။

၂၀၁၉ ခုနှစ်က ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်နဲ့ ပွဲဦးထွက်ခဲ့သူဖြစ်ပြီး သူမရဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “The Weekend” သီချင်းဗီဒီယိုဟာဆိုရင် Youtube မှာ ကြည့်ရှုသူ ၁၀ မီလီယံအထိ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေက BIBI အနေနဲ့သိကြတဲ့ ၂၃ နှစ်အရွယ် အဆိုတော်မလေးကိုတော့ တောင်ကိုးရီးယားနိုင်ငံ Ulsan မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး နာမည်အရင်းက Kim Hyung-Seo ဖြစ်ပါတယ်။ Mini Album နှစ်ခုထွက်ရှိထားပြီး သီချင်းခွေနှစ်ခုလုံးရဲ့ ထုတ်လုပ်မှုပိုင်းတွေမှာ ကိုယ်တိုင်ပါဝင်ထားတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူမဟာ ကမ္ဘာကျော် အမျိုးသမီး Kpop အဖွဲ့တစ်ခုဖြစ်တဲ့ “Twice” အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ကိုပါ ရေးစပ်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

သူမရဲ့ ထူးခြားတဲ့အသွင်အပြင်တစ်ခုအဖြစ် ဖျော်ဖြေမှုပြုလုပ်ချိန်တိုင်း မျက်လုံးတစ်ဖက်အောက် မှဲ့နှစ်ခုလို အနီစက်လေးနှစ်စက် လုပ်ထားတတ်တာကို ပရိသတ်တွေက သတိထားမိကြပြီး အကြောင်းအရင်းကတော့ လေးစားချစ်ခင်ရတဲ့ သူမရဲ့အဖိုးကို အမှတ်ရတဲ့အနေနဲ့ လုပ်လေ့ရှိတာလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

Freestyle ဖြစ်တဲ့ Hoodie အင်္ကျီ၊ Sneaker ဖိနပ်တို့ကို ဝတ်ဆင်ရတာကြိုက်ပြီး လတ်တလောမှာ ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမော်ဒယ်လ်အဖြစ် ပါဝင်ထားတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။ ဒီတော့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ အဆိုတော်မလေး BIBI ရဲ့အမိုက်စား ဖက်ရှင်လေးတွေကို ကြည့်လိုက်ရအောင်။

Photo Source: Pinterest

By MyStyle Myanmar