ယနေ့လို အပြိုင်အဆိုင်များတဲ့ခေတ်ကြီးထဲမှာ တစ်ချက်လောက် လွတ်သွားတာနဲ့ လူအများကြားမှာ နောက်ကောက်ကျကျန်ခဲ့မှာ အမှန်ပါပဲ။ ကိုယ်က စိတ်ပါဝင်စားလို့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းတစ်ခုရွေးချယ်ထားတဲ့အခါ ကိုယ့်ရဲ့ လုပ်ငန်းခွင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကျွမ်းကျင်ပညာရှင်များရဲ့ နည်းလမ်းကောင်းများကို အသုံးချသင့်ပါတယ်။

လက်ရှိနယ်ပယ်ထဲတွင် အပေါင်းအသင်းများအောင် ပြုလုပ်ပါ

ကိုယ့်ရဲ့ ရုံးထဲရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကောင်းမွန်နေအောင် ကြိုးစားပါ။ ဒါ့အပြင် ကိုယ်နဲ့ လုပ်ငန်းတူသော အခြားရုံးရှိ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ဗဟုသုတများ အပြန်အလှန် ဖလှယ်ကာ ကိုယ့်ရဲ့ နယ်ပယ်ကို ပိုမိုကျယ်ပြန့်လာအောင် ကြိုးစားရပါမယ်။

ဆိုရှယ်မီဒီယာများကို စမတ်ကျကျအသုံးပြုပါ

ကိုယ့်ဘဝနှင့် လုပ်ငန်းခွင် တိုးတက်ရေးအတွက် ဆိုရှယ်မီဒီယာကို စမတ်ကျကျ အသုံးချခြင်းသည် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကနေတဆင့် သတင်းအချက်အလက်များကို ရယူပါ။

ထို့နောက် ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ အရည်အချင်းများ ဖြည့်တင်းပါ။ စိတ်အပန်းပြေဖို့အတွက်လည်း ရံဖန်ရံခါအသုံးပြုနိုင်ပါတယ်။

ကိုယ့်အလုပ်အပေါ်မှာ စေတနာပါပါ ပြုလုပ်ပါ

ကိုယ့်အလုပ်အပေါ်မှာ စေတနာပါပါ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့အလုပ်ရှင်ကလည်း သဘောကျမှာဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်လုပ်တဲ့အခါ အကျိုးခံစားခွင့်၊ အောင်မြင်မှုအသီးအပွင့်တို့ကို သင်က အရင်ဦးဆုံး ခံစားရမှာဖြစ်ပါတယ်။

နောက်မှ သင့်ကုမ္ပဏီက ထိုအကျိုးဆက်ကို ဆက်လက်ခံစားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်မဆို စေတနာပါပါနဲ့ သေသေချာချာ ပြုလုပ်တဲ့အခါ ကိုယ့်ရဲ့တက်လမ်းအတွက် တစ်ချိန်ချိန်မှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

တာဝန်ယူ တာဝန်ခံတတ်မှု အပြည့်ရှိပါ

အလုပ်တစ်ခု လုပ်ဆောင်တဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံတတ်မှုသည် ကိုယ့်ရဲ့အလုပ်အပေါ် ဘယ်လောက်အထိ အားစိုက်ထုတ်ထားသလဲဆိုတာ ပေါ်လွင်နေမှာဖြစ်ပါတယ်။

နည်းပညာအသစ်များနဲ့လည်း ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားပါ

တစ်လနဲ့တစ်လ၊ တစ်နှစ်နဲ့တစ်နှစ် နည်းပညာတွေသည် မတူတော့ပါဘူး။ ထိုတိုးတက်ပြောင်းလဲနေတဲ့အရာတွေနောက်ကို အမှီလိုက်နိုင်မှသာလျှင် ကိုယ့်ရဲ့လုပ်ငန်းခွင်အတွက် အထောက်အကူဖြစ်စေမှာပါ။

ကွန်ပျူတာကို အခြေခံအဆင့် ကျွမ်းကျင်ရုံနဲ့တင် မလုံလောက်ပါဘူး။ ထပ်မံဖြည့်တင်းထားသင့်တဲ့ အရည်အချင်းများကို အချိန်နဲ့ တပြေးညီ ဖြည့်စွက်ထားသင့်ပါတယ်။