မရှိတာထက် မသိတာခက် ဆိုတဲ့ စကားဟာ အတော်လေး တာသွားတဲ့ စကားဖြစ်ပါတယ်။ မသိခြင်းဟာ ပြဿနာအားလုံးရဲ့ အကြောင်းခံလို့တောင် ဆိုနိုင်ပါတယ်။ ဒီလို မသိတဲ့အထဲမှာ ကိုယ့်ဘဝရည်မှန်းချက်ကို မသိတာလည်း ထည့်ပြောရမှာပါ။ ဘဝရည်မှန်းချက်ကို မသိခြင်းဟာလည်း အစီအစဉ်မကျ ကစဉ့်ကလျားနိုင်တဲ့ ဘဝတစ်ခုကို ဖြစ်စေနိုင်သလို အဆိုးဆုံးက ဘဝပျက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို သိတဲ့သူဟာ စိတ်အားထက်သန်ပြီး မျှော်လင့်ချက်နဲ့ ပြည့်ဝလင်းလက်နေတတ်ပါတယ်။ ဘဝမှာ ကိုယ်ရချင်တာကို သိလို့ ပိုပြီးလည်းအဓိပ္ပါယ်ရှိတဲ့ ဘဝနဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာပါ။ ဒီလို အကျိုးကျေးဇူးတွေအပြင် သိပ္ပံနည်းကျ လေ့လာမှုတွေကနေ ပြောထားတဲ့ ကိုယ့်ဘဝရည်မှန်းချက် သိခြင်းကနေ ရတဲ့ အကျိုးကျေးဇူးတစ်ခုလည်း ရှိပါတယ်။

Photo : Shutterstock

အဲ့ဒါကတော့ အသက်ပိုရှည်ရှည်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ လုပ်ခဲ့တဲ့ လေ့လာမှုနှစ်ခုရှိပါတယ်။ ပထမလေ့လာမှုက အသက် ၆၅ နှစ်ဝန်းကျင်ရှိတဲ့ လူပေါင်း ၉၀၀၀ ကို လေ့လာခဲ့တာ ဖြစ်ပြီး နောက်တစ်ခုက အသက် ၂၀ နဲ့ ၇၅ နှစ်အတွင်း လူပေါင်း ၆၀၀၀ ကို လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအရ ဘဝမှာ ရည်မှန်းချက်နဲ့ နေသူနဲ့ ရည်ရွယ်ချက် မရှိသူအကြား ဘာတွေ ကွာသလဲဆိုပြီး ကြည့်ခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုအရ ရှေ့ခရီးအတွက် ရည်မှန်းချက်ထားခဲ့သူတွေဟာ ရည်ရွယ်ချက် မရှိသူတွေထက် အသက်ပိုရှည်ရှည် နေနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ရည်မှန်းချက်ဆိုရာမှာ ဖန်တီးမှုလေး လုပ်ချင်တယ် ၊ ဝါသနာလေးတွေ အကောင်အထည်ဖော်နေတယ်၊ ဒါမှမဟုတ်ရင်လည်း ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်နေတယ်ဆိုတဲ့ အချက်တွေကို ပြောတာပါ။

Photo : Shutterstock

အချုပ်ပြောမယ်ဆိုရင် ရည်မှန်းချက်ရှိခြင်းဟာ နေ့စဉ်စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သလို ဇီဝကမ္မအရရော ရုပ်ပိုင်းအရပါ တက်ကြွထက်သန်မှု ရှိနေပါတယ်။ ဒါကပဲ အသက်ရှည်ရှည် နေနိုင်စေတဲ့ အကြောင်း ဖြစ်ပါတယ်။