ဘယ်လောက်ပဲ ဘီရိုထဲမှာ အရောင်အသွေးစုံလင်တဲ့ အင်္ကျီအဝတ်အစားတွေရှိပေမယ့်လည်း ကိုယ့်အတွက်အဆင်ပြေစေပြီး သက်သောင့်သက်သာရှိစေတဲ့ အရောင်တစ်မျိုးကိုတော့ အမြဲရွေးချယ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ သင်ရွေးချယ်လိုက်တဲ့အရောင်က သင့်ရဲ့ စရိုက်ကို ရောင်ပြန်ဟပ်နေပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူများရဲ့ ဖော်ပြချက်များအရ သင်နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်နေတဲ့ အရောင်ဟာဆိုရင် ပတ်ဝန်းကျင်ကလူတွေရဲ့ အမြင်မှာဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့စရိုက်ဘယ်လိုလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အနက်ရောင်

ဖက်ရှင်နှင့်စတိုင်ကျွမ်းကျင်ပညာရှင် Karen Haller က အနက်ဟာ အရာရာကို လေးလေးနက်နက်ယူတဲ့ အရောင်လို့ ပြောထားပါတယ်။ ဒါကြောင့် အနက်ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူများဟာဆိုရင် ရည်မှန်းချက်အလွန်ကြီးပေမယ့်လည်း ဆတ်ဆတ်ထိမခံပါ။ စိတ်ခံစားလွယ်ကြပြီး အလွယ်တကူလည်း စိတ်လှုပ်ရှားလွယ်တတ်ပေမယ့် မကြာခဏ ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။

၂။ အညိုရောင်

အညိုရောင်ဟာ ကမ္ဘာမြေကြီးရဲ့အရောင်၊ ယုံကြည်အားကိုးရတဲ့ အရောင်တစ်မျိုးဖြစ်ပါတယ်။ အညိုရောင်ပါတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရတာကြိုက်သူတွေဟာ အနည်းငယ်ရှေးရိုးဆန်ပြီး လူကြီးသူမများကိုလည်း လေးစားတတ်ကာ အရာရာမှာအားသာလှပါတယ်။

၃။ အပြာရောင်

အပြာနှင့် အရင့်ဖက်သွားတဲ့အရောင်တွေဟာ ငြိမ်သက်စေတဲ့ သက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အပြာကိုရွေးချယ်ဝတ်ဆင်သူများဟာ ကြင်နာသနားတတ်ကြပြီး ယဉ်ကျေးပျူငှာ၍ အလွန်အရှက်အကြောက်ကြီးကြပါတယ်။

၄။ အစိမ်းရောင်

အစိမ်းရောင်ချစ်သူများဟာ တက်ကြွသွက်လက်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ထားကြပြီး အမြဲတမ်းကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာနေထိုင်လေ့ရှိကာ ငွေရေးကြေးရေးလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် သူတစ်ပါးအပေါ်မှာလည်း အမြဲကြည့်ရှုစောင့်ရှောက်လေ့ရှိပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်များဖြစ်ပါတယ်။

၅။ ခရမ်းရောင်

ခရမ်းရောင်ဝတ်ဆင်သူများဟာ တီထွင်ကြံဆဉာဏ်အထူးကောင်းပြီး ထိုးထွင်းသိမြင်နိုင်စွမ်းလည်းရှိကာ အနုပညာကိုခုံမင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားလွယ်ကြပြီး ဆတ်ဆတ်ထိမခံသူများပါ။ စိတ်ကူးယဉ်လွယ်လေ့ရှိပြီး အချစ်နဲ့ပတ်သက်ရင်လည်း အလွန်အယုံအကြည်ရှိလှပါတယ်။

၆။ အနီရောင်

တစုံတယောက်ကို ဖျောင်းဖျမယ့်အခါ၊ အထင်ကြီးအောင်ပြုမူလိုတဲ့အခါမှာ အနီရောင်ကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အမျိုးသားတွေဟာ အနီရောင်ဝတ်ဆင်တဲ့ အမျိုးသမီးတွေကို ပိုမိုစိတ်ဝင်စားတတ်ကြပါတယ်။ အနီရောင်ချစ်သူများကတော့ တက်ကြွသွက်လက်ပြီး အလွယ်တကူစိတ်လှုပ်ရှားတတ်ကာ ကိုယ့်ကိုယ်ကို အတန်ငယ်အရေးပေးတတ်ပါတယ်။

၇။ အဝါရောင်

အဝါရောင်က ပျော်ရွှင်မှု၊ နေနှင့် ရယ်မောမှုတို့ကို ကိုယ်စားပြုတဲ့အရောင်ပါ။ အဝါရောင်ကိုဝတ်ဆင်သူများဟာ သွက်လက်ပြီး ဖန်တီးနိုင်စွမ်းလည်းရှိကြကာ တခုခုကို အလွန်အမင်းဝါသနာထုံသူတွေပါ။ အရာရာကို စူးစမ်းရှာဖွေလိုတတ်ကြပြီး လေ့လာရေးတွေလည်း ထွက်လိုကြပါတယ်။

၈။ အဖြူရောင်

လွတ်လပ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ အပြစ်ကင်းစင်မှု၊ ရိုးသားမှုတို့ရဲ့ သင်္ကေတဖြစ်တဲ့ အဖြူရောင်ကိုနှစ်သက်သူများဟာ လုပ်သမျှအရာရာတိုင်းမှာ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ အသစ်သစ်တွေပြုလုပ်ရတာကို သဘောကျကြပြီး ပြီးပြည့်စုံဖို့ကိုသာ လိုလားကြပါတယ်။

၉။ ပန်းရောင်

နူးညံ့တဲ့ပန်းရောင်က တည်ငြိမ်နွေးထွေးပြီး မိန်းမတစ်ယောက်ရဲ့အသွင်ကို ဆောင်နိုင်ကာ စွမ်းအားအပြင်းဆုံး စိတ်ငြိမ်ဆေးတစ်မျိုးပါ။ ဒါကြောင့် အချို့သောထောင်တွေမှာဆိုရင် ကြမ်းတမ်းမှုတွေလျော့နည်းစေဖို့ ဘားတန်းများ၊ နံရံများကို ပန်းနုရောင်လေး သုတ်ထားတတ်ကြပါတယ်။

ပန်းရောင်ချစ်သူတွေဟာ စိတ်ကူးယဉ်ဆန်တတ်၊ အကောင်းမြင်တတ်ကြပါတယ်။ အရာရာတိုင်းထက် ကြင်နာမှုနှင့် သက်သောင့်သက်သာရှိဖို့ကို လိုလားတတ်သူများပါ။

၁၀။ လိမ္မော်ရောင်

အခြားအရောင်တွေထက် လိမ္မော်ကိုမှ ကြိုက်သူများဟာ အကောင်းမြင်တတ်ပြီး အမြဲတမ်းလှုပ်ရှားတက်ကြွကာ အပြောင်းအလဲတွေကို လိုလားကြသူတွေပါ။ အနည်းငယ်တော့ ပေါကြောင်ကြောင်နိုင်ပေမယ့်လည်း ရည်မှန်းချက်ကြီးပြီး အမြဲချင့်ချိန်စွာ တွေးခေါ်တတ်ကြပါတယ်။

၁၁။ ခဲရောင်

အညိုရောင်ရှိတဲ့ အဝတ်အစားတွေချည်း အများအပြားရှိတယ်ဆိုရင်တော့ ထိုသူဟာ လူအများကြားထဲမှာ အမြင်မခံလိုသူတွေပါ။ စည်းမျဉ်းစည်းကမ်းတွေကို တိတ်တဆိတ်နာခံတတ်ကြပြီး အမြောအမြင်ကြီး၍ ပြတ်သားတိကျသူများဖြစ်ပါတယ်။

ကဲ… အရောင်တွေနဲ့ သူတို့ရဲ့ ပင်ကိုစရိုက်တွေကို ဖော်ပြပေးခဲ့ပြီဆိုတော့ စာဖတ်သူတွေရော ကိုယ့်နှစ်သက်တဲ့အရောင်ကို မန့်သွားခဲ့ကြပါဦးနော်။