လူသားတွေရဲ့ခန္ဓာကိုယ်က မျိုးရိုးဗီဇပေါ်မှာ အခြေခံပြီး ဖြစ်တည်လာရတယ်ဆိုပေမယ့်လည်း အချို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကြည့်ခြင်းအားဖြင့် မိမိကစိတ်ခံစားချက်ကို ဦးစားပေးတတ်သူလား၊ ဒါမှမဟုတ် ဦးနှောက်ကိုဦးစားပေးတဲ့လူလား စတဲ့ အမူအကျင့်တွေကို ဖော်ပြပေးနိုင်ပါတယ်။

၁။ နှာခေါင်းပုံစံ

နှာခေါင်းရှည်ရှည်လေးကို ပိုင်ဆိုင်ထားတဲ့သူက မိမိအလုပ်နဲ့ ပတ်သက်ပြီး ရည်ရွယ်ချက်ကြီးမားတယ်၊ အလုပ်လည်း ကြိုးစားကြတယ်။ သူတို့က အမြဲတမ်းပြီးပြည့်စုံဖို့ ကြိုးစားနေကြတယ်။ အလုပ်က သူတို့ဘဝအတွက် ပထမဦးစားပေးဖြစ်ပြီးတော့ အခြားသူများအတွက် အချိန်ပေးဖို့၊ မိမိကိုယ်ပိုင်ဘဝအတွက် အားလပ်ချိန်တွေမှာ ပျော်ပါးဖို့ကို ဒုတိယနေရာမှာ ထားကြတယ်။

နှာတံတိုတဲ့သူများကတော့ မဟုတ်မခံစိတ်ဓာတ်ရှိကြပြီးတော့ သစ္စာလည်းရှိကြပါတယ်။ သူတို့က ခံစားချက်ကိုဦးစားပေးလေ့ရှိကြတဲ့အပြင် လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်တာထက်စာရင် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပိုနေချင်ကြတယ်။

နှာခေါင်းချွန်တဲ့သူများကတော့ ငွေကြေးစီမံခန့်ခွဲတဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ပိုက်ဆံကို စနစ်တကျဘယ်လိုသုံးရမလဲဆိုတာ သိကြတယ်။ ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါမှာလည်း ကိုယ်ရောစိတ်ပါနှစ်မြှုပ်ပြီး ပြုလုပ်တတ်ကြတယ်။

၂။ မျက်နှာပုံစံ

မျက်နှာရှည်တဲ့သူများက ဉာဏ်ရည်မြင့်မားတဲ့သူတွေအဖြစ်သတ်မှတ်ခြင်းခံရပြီး မျက်နှာတည်ဆောက်ပုံကျဉ်းတဲ့သူများကတော့ မိမိရဲ့စိတ်ခံစားချက်ကို အလေးပေးသူတွေ ဖြစ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ မျက်နှာတည်ဆောက်ပုံ ကျယ်တဲ့သူများကတော့ သွေးအေးတတ်ကြပြီး မိမိလုပ်ချင်ရာကို မျက်စိစုံမှိတ်ပြီး လုပ်တတ်ကြတယ်။ သူတို့ရဲ့သွေးအေးတတ်တဲ့စရိုက်ကြောင့် အောင်မြင်မှုကိုပိုင်ဆိုင်ရလေ့ရှိတယ်။

၃။ နှုတ်ခမ်းပုံစံ

သင့်နှုတ်ခမ်းက ကြီးလည်းမကြီး၊ သေးလည်းမသေး အလယ်အလတ်ဆိုဒ်ရှိတယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လာရင် အမှီအခိုကင်းတယ်၊ ချစ်ခြင်းမေတ္တာနဲ့ ခင်တွယ်မှုကို မြတ်နိုးတယ်၊ ဒါပေမဲ့ ဒရာမာလာချိုးနေတာမျိုးကိုတော့ မကြိုက်ကြဘူး။

နှုတ်ခမ်းကြီးတဲ့သူတွေကကျတော့ အခြားသူများကို အရမ်းဦးစားပေးတယ်။ အနစ်နာခံတတ်ကြတယ်။ သူများရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ မိမိရဲ့လိုအပ်ချက်ကို နောက်ဆုံးမှာထားထားတယ်။

နှုတ်ခမ်းကျယ်တဲ့သူများကတော့ ပေးကမ်းရက်ရောပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ မိမိချစ်တဲ့သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရတာကို ပျော်ရွှင်တတ်ကြတယ်။

နှုတ်ခမ်းပါးတဲ့သူတွေကျပြန်တော့ ယှဉ်ပြိုင်လိုစိတ်များတယ်။ တစ်ခါတရံမှာ အခြားသူများနဲ့ အချိန်ဖြုန်းနေရတာထက်စာရင် မိမိဘာသာတစ်ယောက်တည်းနေရတာကို ပိုကြိုက်ကြတယ်။ ဒါပေမဲ့ သူတို့က စိတ်ဓာတ်ကြံ့ခိုင်တွေသူတွေဖြစ်တယ်ဆိုတာကို သူတို့ချစ်တဲ့သူဆီကနေ အသိအမှတ်ပြုခံချင်ကြတယ်။

စာဖတ်သူတွေရော သင့်မှာရှိတဲ့ နှာခေါင်းပုံစံ၊ မျက်နှာအကျ၊ နှုတ်ခမ်းဖွဲ့စည်းတည်ဆောက်ပုံနဲ့ အခုဖော်ပြပေးသွားတဲ့ အမူအကျင့်တွေက ထပ်တူကျရဲ့လားဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: Brightside.me