မင်္ဂလာပါနော်။ ဆံပင်ပါးတယ်ဆိုတာ ဆံပင်ခဏခဏ ကျွတ်လို့ပါ။ အဲဒီလို ဘာလို့ ဆံပင်ကျွတ်ရတာလဲဆိုရင် စိတ်ဖိစီးမှုတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုတွေ၊ အသက်အရွယ်ကြီးလာတာတွေ နဲ့ အိပ်ရေးဝဝ မအိပ်တာတွေကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီမေးခွန်းလေးတွေကို အရင်ဖြေကြည့်လိုက်ရအောင်

ကျန်းမာရေးနဲ့ ညီညွတ်အောင်စားရဲ့လား

လေ့ကျင့်ခန်း ပုံမှန်လုပ်ရဲ့လား။

အခုလက်ရှိ ပျော်နေရဲ့လား။

အိပ်ရေးဝဝ အိပ်ရဲ့လား။

ဆံကေသာ ထိန်းသိမ်းမှုတွေ လုပ်ရဲ့လား။

သင်အမြဲတမ်းသောက်နေရတဲ့ ဆေးတွေက ဆံပင်ကျွတ်စေသလား။

ဟော်မုန်းအပြောင်းအလဲဖြစ်နေသလား။

ဘယ်လိုလဲ သင့်အဖြေကို သင်ကျေနပ်မှုရှိရဲ့လား။

နည်းလမ်းများ

ဆံပင်ကျွတ်တာသက်သာစေဖို့ နည်းလမ်းကောင်းတွေကတော့

၁။ ဆံပင်ပုံသွင်းစက်တွေနဲ့ ဆံပင်ပုံသွင်းခြင်းကို ရှောင်ပါ။ (ဥပမာ- ဆံပင်ဖြောင့်စက်၊ ကောက်စက်၊ လိပ်စက်တွေနဲ့ ပုံသွင်းခြင်း၊ ဆံပင်လေမှုတ်ခြင်း)

၂။ ဆံပင်ကို ခပ်တင်းတင်း ခပ်ကြပ်ကြပ်စည်းခြင်းမှ ရှောင်ပါ

၃။ ခေါင်းမလျှော်ခင် ဆံကေသာနဲ့ ဦးရေပြားကို အုန်းဆီ (သို့) သံလွင်ဆီကို အပူအနည်းငယ်ပေးပြီး လိမ်းပေးကာ နှိပ်နယ်ပေးပါ။

၄။ ဆံပင်ကို ခပ်ဖွဖွလေးဖြီးပါ။

၅။ ပျော်ပျော်နေပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။

၆။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အစားအစာထဲမှာ ကြက်ဥ၊ ဆယ်လမွန်ငါး၊ ဗာဒံသီး၊ အသီးအရွက် စတဲ့ ဆံပင်သန်စေတဲ့ အစားအစာတွေ ထည့်စားပါ။

သဘာဝနည်းလမ်းကို သုံးကြည့်ရအောင်

ရှားစောင်းလက်ပက်

ခေါင်းမလျှော်ခင်မှာ ဦးရေပြားနဲ့ ဆံကေသာကို ရှားစောင်းလက်ပက်အနှစ် လိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် ၂၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

ဦးရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆံပင်ပေါက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဆံပင်ရဲ့ အမြစ်လေးတွေကိုလည်း သန်စွမ်းစေပါတယ်။

ကြက်ဥ

ကြက်ဥ ၁ လုံး (သို့) ၂ လုံးကို ခွဲပြီး ခလောက်လိုက်ပါ။ ပြီးရင် ဆံပင်ကို ရေအရင်စိုအောင်လုပ်ပြီး ဦးရေပြားနဲ့ ဆံကေသာကို လိမ်းပေးပါ။ အဲဒီနောက်မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

ကြက်ဥမှာ ပရိုတင်းဓာတ်ပါဝင်ပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။ ဆံပင်ပေါက်တဲ့အမြစ်လေးတွေကိုလည်း သန်စွမ်းစေပြီး ဆံကေသာကို တောက်ပြောင်စေပါတယ်။