အားလုံးပဲ မင်္ဂလာပါနော်။ ကမ္ဘာကျော် ထိပ်တန်းမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Kendall Jenner ကိုတော့ တော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ Kendall ဟာအရပ်လည်းရှည်သလို ဘာပဲဝတ်ဝတ်အထာကျတဲ့ Body အချိုးအစား သွယ်သွယ်လေးကိုပိုင်ဆိုင်ထားတာမို့ မိန်းကလေးတိုင်းက အားကျရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ အရပ်က ၅ ပေ ၁၀ အထိရှည်ပြီး ခါးဆိုဒ် ၂၄ လက်မသာရှိသူပါ။

ဒီလို ကျစ်လျစ်တဲ့ခန္ဓာကိုယ်လေးကို ထိန်းထားနိုင်ဖို့ သူမဟာ အလုပ်များတဲ့နေ့တွေမှာတောင် လေ့ကျင့်ခန်းကို နေ့တိုင်းမဖြစ်မနေလုပ်တတ်တဲ့သူဖြစ်ပါတယ်။ ခရီးသွားရတဲ့အချိန်တွေ Gym သွားဖို့အဆင်မပြေတဲ့ အချိန်တွေမှာ ခပ်မြန်မြန်နဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေကို ၁၁ မိနစ်စာလောက် လုပ်ပေးလေ့ရှိတယ်လို့ ပြောဖူးပါတယ်။ ဒီလို ၁၁ မိနစ်အတွင်း လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတွေကို သူမရဲ့ Youtube Channel မှာပါ တင်ပေးထားတာမို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ပါ လိုက်လုပ်နိုင်မယ့် Kendall ရဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Plank

ပထမဆုံး ခန္ဓာကိုယ်ကိုတစ်တန်းတည်းဖြစ်အောင်ထားပြီး Plank ထောက်ပေးရပါမယ်။ ၃၀ စက္ကန့်လောက် တောင့်ထားပြီး ပြုလုပ်ပေးပါ။

၂။ High Plank

တံတောင်မထောက်ဘဲ လက်ဝါးနှစ်ဖက်ကို အားပြုပြီး Plank ထောက်ပေးရမှာပါ။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ လောက် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းထားပြီး ပြုလုပ်ပေးရပါမယ်။

၃။ Side Plank

ခါးဘေးအဆီတွေကျစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံထဲကအတိုင်း ခြေထောက်တွေကိုတည့်တည့် ဆန့်ထုတ်ကာ တံတောင်တစ်ဖက်အားပြုပြီး ခန္ဓာကိုယ်ကို ပင့်တင်ပေးထားပါ။ ကျန်လက်တစ်ဖက်ကို ခါးထောက်ထားတာ (သို့) လေပေါ်မြှောက်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဒီပုံစံအတိုင်း ဟိုဘက် ဒီဘက်ပြောင်းပြီး ၁၅ စက္ကန့်စီနေကာ မယိုင်အောင် ထိန်းထားပေးရပါမယ်။

၄။ Side Plank With Crunch

အပေါ်က Side Plank ပုံစံအတိုင်း တံတောင်တစ်ဖက်ထောက်ကာ ခြေထောက်ဆန့်ထုတ်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ခြေထောက်ကို ထိအောင်ကွေးလိုက် ပြန်ဆန့်လိုက်လုပ်ပေးရမှာပါ။ သူ့ကိုလည်း ဟိုဖက်ဒီဖက်ပြောင်းပြီး တစ်ဖက်ငါးကြိမ်စီပြုလုပ်ပေးဖို့လိုပါတယ်။

၅။ Single Arm/ Leg Plank

Photo Source: POPSUGAR

ဒီလေ့ကျင့်ခန်းကိုတော့ ပုံမှန်လို Plank ထောက်ထားပြီး လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို တစ်လှည့်စီ ဆန့်ထုတ်ပြီး လေပေါ်မြှောက်ပေးရမှာပါ။ ခန္ဓာကိုယ်မယိုင်ကျရအောင် ထိန်းထားပြီး ၁၅ စက္ကန့် အထိရအောင် ပြုလုပ်ပေးရမှာပါ။

Photo Source: Pinterest

By MyStyle Myanmar