ဖိလစ်ပိုင် ဇာတ်လမ်းတွဲတွေကြည့်ဖူးသူတိုင်းကတော့ ဆွဲဆောင်မှုရှိတဲ့အကြည့်နဲ့ အပြုံးလှလှလေးတွေ ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး ဖိလစ်ပိုင်မင်းသမီး Kathryn ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်အကြီးဆုံးမင်းသမီးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အနုပညာလောကထဲ ဝင်လာခဲ့သူဖြစ်ပါတယ်။

ပရိသတ်တွေက Kath လို့ ချစ်စနိုးခေါ်ကြတဲ့ သူမဟာဆိုရင် မော်ဒယ်လ်နဲ့ မင်းသမီးအပြင် Youtuber တစ်ယောက်အနေနဲ့ပါ လုပ်ကိုင်နေပြီး သူမရဲ့တစ်နေ့တာ အကြောင်းလေးတွေကို ပရိသတ်တွေဆီ မျှဝေပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သဘာဝဆန်ဆန်အလှမျိုး ပိုင်ဆိုင်ထားတဲ့ Kath ဟာ မိတ်ကပ်ပါးပါးလေးတွေနဲ့ အရမ်းလိုက်ဖက်သလို သူမကိုယ်တိုင်ကလည်း လိမ်းထားမှန်းမသိသာတဲ့ သဘာဝဆန်ဆန် “No Makeup” Look လေးတွေ လိမ်းရတာ သဘောကျသူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာ Kath ပြင်လေ့ရှိတဲ့ “No Makeup” Look ကို စိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် သူမရဲ့ မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး မိတ်ကပ်မလိမ်းခင် ရေအေးနဲ့စိမ်ထားတဲ့ မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာကို ခပ်ဖွဖွသုတ်ပေးရပါတယ်။ ဒီလိုလုပ်တာက မိတ်ကပ်လိမ်းပြီးတဲ့နောက် ချွေးပေါက်တွေမမြင်ရအောင် ကူညီပေးနိုင်တယ်လို့ သူမကပြောပါတယ်။ ပြီးနောက်မှာတော့ သုံးနေကျ Moisturizer လေးအရင်လိမ်းပေးပါ။


မိတ်ကပ်စလိမ်းတဲ့အခါ Foundation တွေမသုံးခင် ပါးနီကို အရင်ခြယ်ပေးရပါမယ်။ အသားအရောင်နဲ့ လိုက်တဲ့ ပါးနီအရောင်လေးတွေရွေးချယ်ပြီး ထင်းထင်းလေးဖြစ်အောင် နှစ်ထပ်လောက် ခြယ်ပေးပါ။

မျက်ခုံးအဆင့်အတွက် Eyebrow Pencil သုံးပြီး ခပ်ပါးပါးလေးဖြည့်ဆွဲပေးပါ။ သဘာဝဆန်တဲ့ပုံစံလေး ရချင်တာမို့ မျက်ခုံးအရမ်းထူထူဆွဲတာမျိုး၊ Brow Mascara နဲ့ကော့တာမျိုးကို ရှောင်ပေးရပါမယ်။


Eyeshadow အတွက်လည်း အရောင်တောက်တောက်မသုံးဘဲ မျက်လုံးဝိုင်းတဲ့ပုံပေါက်အောင် အညိုရောင်အဖျော့လေး တစ်ရောင်သုံးပြီး ခြယ်ပေးရမှာပါ။ အောက်မျက်ခွံကိုပါ နည်းနည်းဆိုးပြီး ညှိပေးလိုက်ရုံပါပဲ။


ပြီးရင် Eyelash Curler လေးနဲ့ မျက်တောင်ကော့ပေးပြီး မျက်တောင် ရှည်ရှည်ထင်းထင်းလေးဖြစ်အောင် Mascara ပါဆိုးပြီး ထပ်ကော့ပေးပါ။


Natural Look ဖြစ်တာမို့ Foundation ထူထူတွေ လုံးဝမသုံးဘဲ Powder အမျိုးအစား မိတ်ကပ် Foundation သုံးကာ အဆီပြန်တတ်တဲ့ T Zone နေရာနဲ့ မျက်ကွင်းအောက်နေရာတွေမှာ အရောင်ညီအောင် ညှိရုံလောက်လေး ခပ်ပါးပါးလိမ်းပေးရမှာဖြစ်ပါတယ်။


အပြီးသတ်အနေနဲ့ ပါးမို့နှစ်ဖက်၊ မေးစေ့နဲ့ နှာခေါင်းထိပ်နားလေးမှာ Highlighter နည်းနည်းစီ ထည့်ပေးလိုက်ပါ။

နှုတ်ခမ်းနီအတွက် Lipstick မသုံးဘဲ ကိုယ်ကြိုက်တဲ့ Tint အရောင်တစ်ရောင်ရွေးဆိုးကာ နှုတ်ခမ်းအရမ်းခြောက်မနေအောင် အပေါ်က Lip Gloss လေးတစ်ထပ်ဆိုးပေးရပါမယ်။


ဒါဆိုရင်တော့ မင်းသမီး Kathryn ရဲ့ အချိန်တိုအတွင်း ပြင်ရတာလည်းလွယ်ပြီး မိတ်ကပ်မလိမ်းထားသလို သဘာဝပုံစံလေးရစေမယ့် မိတ်ကပ် Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: preview.ph