လူတိုင်းလူတိုင်း သေခြင်းတရားကို လွန်ဆင်နိုင်ခြင်း မရှိကြဘူးဆိုတာ လက်ခံကြမယ်ထင်ပါတယ်။ သို့သော်လည်း တစ်ချို့ကတော့ လက်မခံနိုင်လောက်အောင်ပဲ လူ့လောကကြီးကနေ ထွက်ခွာသွားတာ အရမ်းကို စောလွန်းကြပါတယ်။
ဒီလိုစောစီးစွာ သေဆုံးသွားကြတဲ့ လူတွေထဲမှာ ပရိသတ်အချစ်တော် နာမည်ကြီး ကေပေါ့အိုင်ဒေါလ် အဆိုတော်တွေလည်း ပါပါတယ်။ တစ်ချို့က ရောဂါကြောင့် တစ်ချို့က စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေကြောင့် တချို့ကျ မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးသွားကြတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားခဲ့ကြတဲ့ တောင်ကိုရီးယား အဆိုတော်တွေ အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။
(၁) Sulli
နာမည်ကျော် မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ f(x) အဖွဲ့ဝင် Sulli ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ အဆုံးစီရင်သွားခဲ့ပါတယ်။ Sulli ဟာ သူမထက် အသက် (၁၄) နှစ်ကြီးတဲ့ Dynamic Duo အဖွဲ့က Choiza နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းထွက်လာချိန်ကစပြီးတော့ အွန်လိုင်းကနေ ဆိုက်ဘာနှောင့်ယှက်မှုတွေကို စခံစားခဲ့ရတာဖြစ်ပါတယ်။
ကိုယ်ဝန်သတင်းတွေ၊ သူငယ်ချင်းကို နှုတ်ခမ်းမှာနမ်းတာတွေ၊ အတွင်းခံဘရာမဝတ်တာတွေ စတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီးတော့ သူမရဲ့အရွယ်နဲ့မလိုက်အောင်ကို မထိုက်တန်တဲ့ cyberbullying ဒဏ်ကိုခံခဲ့ရပြီးနောက်မှာတော့ အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။ သူမသေဆုံးသွားချိန်မှာတော့ အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။
(၂) Goo Hara
နောက်ထပ် နာမည်ကျော် မိန်းကလေးအဖွဲ့တစ်ခုဖြစ်တဲ့ KARA အဖွဲ့က Goo Hara ဟာဆိုရင်လည်း သူမရဲ့သူငယ်ချင်း Sulli ဆုံးပါးပြီး ၁ လအကြာမှာ အသက်ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့အရင်းနှီးဆုံးသူငယ်ချင်း ဆုံးပါးသွားခြင်းရဲ့ ဝမ်းနည်းမှု၊ ရည်းစားဟောင်းရဲ့ အလိုမပါဘဲ ခိုးရိုက်ထားတဲ့ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်မှုတို့ကြောင့် တရားရင်ဆိုင်နေရတာတွေ စသဖြင့် မီဒီယာတွေရဲ့ ဖိအားတွေများလာလွန်းလို့ မခံစားနိုင်တော့ပဲ အဆုံးစီရင်ဖို့လမ်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
(၃) Kim Jonghyun
SHINee အဖွဲ့ဝင် Kim Jonghyun ရဲ့ ဆုံးပါးသွားတဲ့သတင်းကတော့ ၂၀၁၇ ခုနှစ်ကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် Jonghyun ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအရ အားနည်းနေပြီး အဆုံးမစီရင်ခင်မှာ သူ့ရဲ့အစ်မဆီကို စာပို့ခဲ့ပါသေးတယ်။
(၄) Ladies’ Code’s Rise & EunB
Ladies’ Code ဆိုတဲ့ မိန်းကလေးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပြီး ၂၀၁၃ ခုနှစ်မှာ Debut လုပ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကံမကောင်းစွာနဲ့ ကားတိုက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ EunB နဲ့ Rise တို့ ဆုံးပါးသွားခဲ့ပါတယ်။
(၅) Moon Bin
ASTRO အဖွဲ့ဝင် Moon Bin ကတော့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၉)ရက်နေ့က သူရဲ့နေအိမ်ထဲမှာပဲ အသက်မရှိတော့တာကို သူ့ရဲ့မန်နေဂျာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးချိန်မှာတော့ အသက် (၂၅) သာရှိသေးပြီး ပရိသတ်အားပေးမှုများစွာရခဲ့တဲ့ အောင်မြင်တဲ့လူငယ်အိုင်ဒေါလ်တစ်ယောက်ပါ။ သူ့ရဲ့ဆုံးပါးမှုအတွက် ပရိသတ်တွေလည်းအရမ်းကို ဝမ်းနည်းပူးဆွေးခဲ့ကြရပါတယ်။
(6) Lee Jihan
Lee Jihan ကတော့ တက်သစ်စ မင်းသားနဲ့အဆိုတော်ဖြစ်ပြီး ဆုံးပါးသွားချိန်မှာ အသက် ၂၄ နှစ်သာရှိပါသေးတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘာတစ်ဝှမ်း ဟိုးလေးတစ်ကျော် ဖြစ်သွားစေခဲ့တဲ့ အီထယ်ဝန်ဟောလိုးဝင်းဖြစ်ရပ်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။











