K-Pop ဆိုရင် လူအများစုရဲ့ စိတ်ထဲမှာပြေးမြင်လိုက်ကြတာက တချိန်တည်းမှာ ပျော်ပျော်ပါးပါး အားရပါးရ သီဆိုကခုန်ရတာပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး Upbeat ဖြစ်တဲ့ သီချင်းတွေပဲ K-Pop လောကထဲမှာ နာမည်ကြီးတာမဟုတ်ပါဘူးနော်။

သီချင်းစာသားတွေ၊ နောက်ခံထည့်သွင်းထားတဲ့ တူရိယာအသံတွေ၊ ဒါမှမဟုတ် အဆိုတော်တွေရဲ့ သီဆိုမှုတွေ စသဖြင့်နဲ့ သီချင်းနားဆင်လိုက်သူကို ခံစားချက်တွေ ပွင့်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ သီချင်းတွေလည်း K-Pop လောကထဲမှာ ရှိနေတယ်ဆိုရင် ယုံနိုင်မလား ပရိတ်သတ်ကြီးရေ…

တချို့သီချင်းတွေဆိုရင် စာသားဖြစ်ဖြစ် အဆိုတော်ရဲ့အသံဖြစ်ဖြစ်ကို မကြားရသေးဘဲနဲ့ တီးလုံးသံလေးကိုပဲ စကြားလိုက်တာနဲ့ ရင်ထဲမှာ တမျိုးကြီး ဝမ်းနည်းသလိုမျိုး ခံစားရစေနိုင်တဲ့အထိကို ပြင်းထန်တာပါ။

ကဲ..ဒါဆိုရင်တော့ ပရိတ်သတ်တွေရွေးချယ်ထားပြီး ဘယ်အချိန်ဖြစ်ဖြစ် နားထဲမှာကြားလိုက်တာနဲ့ ဝမ်းနည်းတဲ့ ခံစားချက်ကိုဖြစ်စေနိုင်တဲ့ K-Pop သီချင်း (၁၀) ပုဒ်ကို ဖော်ပြပေးလိုက်ရပါတယ်။

1. “Breathe” by Lee Hi

Source: OfficialLEEHI

အသံအားကောင်းတဲ့ အဆိုတော် Lee Hi ရဲ့ Breathe ဆိုတဲ့ သီချင်းလေးကိုတော့ ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ SHINee အဖွဲ့ဝင် Jonghyun က ရေးသားပေးခဲ့တာပါ။

ဒီသီချင်းလေးမှာတော့ တစ်နေ့တစ်နေ့ မရိုးရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရလို့ လူသားတွေဟာ အသက်ရှူဖို့ကိုတောင် မနည်းကြိုးစားနေရတဲ့အကြောင်း ရေးသားထားတာဖြစ်ပါတယ်။

2. “Circles” by Seventeen

Source: SEVENTEEN

ဒီသီချင်းလေးကိုတော့ SEVENTEEN အဖွဲ့ဝင်နဲ့ ထုတ်လုပ်သူ Woozi ဟာ မကြာသေးခင်ကမှ အမေဖြစ်သူဆုံးပါးသွားလို့ ဝမ်းနည်းကြေကွဲနေတဲ့ သူ့ရဲ့အဖွဲ့ဝင် Wonwoo အတွက်ကို အဓိကရည်ရွယ်ပြီး ရေးသားပေးခဲ့တာဖြစ်ပါတယ်။

သီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ ဘယ်လောက်ပဲ ပင်ပန်းမှုတွေ၊ နာကျင်မှုတွေ၊ အခက်အခဲတွေ ကြုံတွေ့ရပါစေ စက်ဝိုင်းလိုပဲ တစ်ကွေ့မှာတော့ ပျော်ရွှင်မှုက သင့်ဆီ ပြန်လာပါလိမ့်မယ်ဆိုတာပါပဲ။

3. “Goblin” by Sulli

Source: zuki

ဆုံးပါးသွားတဲ့ Sulli ရဲ့ Goblin သီချင်းလေးမှာတော့ စိတ်ကျန်းမာရေး ပြဿနာနဲ့ ရင်ဆိုင်နေရသူတွေရဲ့ ခံစားချက်ကို ဖော်ကျူးပြသထားတာဖြစ်ပါတယ်။ သူတို့လည်း လူသားတွေပဲ ဖြစ်ပြီးတော့ ဖိနှိပ်ကွပ်တာမျိုးတွေမလုပ်ဘဲ လက်ခံပြီး ဖေးမကူညီရမယ်ဆိုတာကို သဘောပေါက်အောင် ဒီသီချင်းလေးက မီးမောင်းထိုးပြသွားခဲ့တာပါ။

4. “So Far Away” by Agust D

Source: MZ

သင့်ဘဝမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဦးတည်ရာလမ်းကြောင်း ပျောက်နေတဲ့ ခံစားချက်ကို ဖော်ကျူးထားတာဖြစ်ပါတယ်။ သူများတကာတွေက ရှေ့ကိုလျှောက်လှမ်းနေကြပေမယ့် သင်ကတော့ ဒီလူအုပ်ကြားထဲမှာ ဘယ်မှမသွားနိုင်ဘဲ တစ်နေရာတည်းမှာပဲ ငုပ်တုပ်ကျန်နေတဲ့ ခံစားချက်ကို ဒီသီချင်းလေးမှာ နားဆင်ရမှာပါ။

5. “Sweet Night” by V

Source: JTBC Drama

Itaewon Class ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးဖြစ်ပြီးတော့ ချစ်ခြင်းတရားနဲ့ ပတ်သက်ပြီး လက်ရှိပစ္စုပ္ပာန်မှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် တန်ဖိုးထားဖို့နဲ့ အချိန်လွန်သွားမှ နောင်တပဲ ကျန်တော့တဲ့အကြောင်းကို သီကုံးထားတာဖြစ်ပါတယ်။

6. “Love Wins All” by IU

Source: 이지금 [IU Official]

မကြာသေးခင်ကမှ ထွက်ရှိခဲ့ပြီး တော်တော်လေး လူကြိုက်များခဲ့တဲ့ IU ရဲ့ Love Wins All သီချင်းလေးမှာတော့ အချစ်သာရှိရင် အဟန့်အတား၊ အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်ပြီးတော့ ချစ်သူနှစ်ဦးကြားက နက်နဲတဲ့အချစ်ကို ပုံဖော်ထားတာပါ။

7. “What Kind of Future” by Woozi

Source: VOBO보보

SEVENTEEN အဖွဲ့ဝင် Woozi ရဲ့ “What Kind of Future” သီချင်းဟာ နဂိုက သူ့ပရိတ်သတ်တွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ ဆုံးပါးသွားခဲ့တဲ့ Astro အဖွဲ့ဝင် Moonbin က ဒီသီချင်းလေးကို အရမ်းသဘောကျတယ်ဆိုတဲ့အတွက် အမှတ်တရအနေနဲ့ သူ့ရဲ့မွေးနေ့မှာ တရားဝင် ပြန်ထုတ်ပေးခဲ့တာပါ။

8. “Spring Day” by BTS

Source: 스브스케이팝 X INKIGAYO

BTS အဖွဲ့ရဲ့ Spring Day သီချင်းကိုကြားလိုက်တာနဲ့ ၂၀၁၄ ခုနှစ်မှာ တောင်ကိုရီးယားမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ စိတ်မကောင်းစရာ Sewol Ferry တိမ်းမှောက်မှုကို မျက်စိထဲ ပြန်မြင်ယောင်လာကြမှာပါ။

9. “To My Youth” by BOL4

ဒီသီချင်းလေးကတော့ လူငယ်တွေရဲ့ ပင်ပန်းမှုကို ဖော်ကျူးထားတာပါ။ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေအတွက် ဆယ်ကျော်သက်အရွယ်မှာ ပင်ပန်းရုန်းကန်ရမှုတွေနဲ့ ဒါကို ပြောပြပြန်ရင်လည်း ဘယ်သူမှနားလည်ပေးနိုင်မယ်မထင်လို့ အဝေးဆုံးကို ထွက်ပြေးချင်တဲ့စိတ်ဖြစ်လောက်တဲ့အထိ လူငယ်တွေကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။

10. “Awake” by Jin

ဒီသီချင်းမှာ Jin ဟာ သူကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သူ့ရဲ့လုပ်နိုင်စွမ်းရည်၊ ဖြစ်ချင်တဲ့ အိပ်မက်တွေအပေါ် သံသယဖြစ်ခဲ့ခြင်းတွေရဲ့ ထင်ဟပ်မှုဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လာလိမ့်မယ်လို့ တဇွတ်ထိုးယုံကြည်တာမဟုတ်ဘဲ ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်ပြီးလျှောက်လှမ်းဖို့ကို ကိုယ့်ကိုယ်ကိုယ် အခိုင်အမာ ဆုံးဖြတ်ချက်ချထားတာကို ပြောပြချင်တာပါ။