ကိုရီးယားဇာ်လမ်းတွဲတွေထဲမှာ တစ်ခါလာလည်း သုံးပွင့်ဆိုင်တွေချည်း မြင်နေရလို့ ရိုးအီနေပြီလို့ ခံစားရနေသလား။ စာရေးသူအတွက်တော့ ဒီလိုဘယ်တော့မှမဖြစ်ပါဘူးနော်။

အကယ်လို့ သင်လည်း ကျွန်မနဲ့အတူတူပဲဆိုရင်တော့ ထွက်ရှိခဲ့သမျှ ကျော်ကြားခဲ့သမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကမှ ပရိတ်သတ်တွေရင်ထဲမှာ စွဲပြီးကျန်ရစ်နေခဲ့တဲ့ သုံးပွင့်ဆိုင်အတွဲလေးတွေကို ဒီတစ်ခေါက်ဆောင်းပါးထဲမှာ ရွေးနုတ်ဖော်ပြပေးချင်ပါတယ်။

ကိုယ်တချိန်က ကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးတွေကို ပြန်လည်သတိရစေမှာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့် မရိုးသွားနိုင်လို့ အမှတ်တရအနေနဲ့ ပြန်လည်တွေးတောရင်း ဘယ်သုံးပွင့်ဆိုင်အတွဲလေးတွေဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

“Strong Woman Do Bong Soon”

Source: Dramabase

ပထမဦးဆုံး အတွဲလေးကတော့ ရယ်လည်းရယ်ရ၊ ရိုလည်းရိုရတဲ့ “Strong Woman Do Bong Soon” ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။

ဒီသုံးပွင့်ဆိုင်ကတော့ တစ်ယောက်တစ်ပေါက်၊ တွေ့လိုက်တိုင်း တကျက်ကျက်၊ သဝန်တိုတတ်တာ စတာလေးတွေကြောင့် အားလုံးထက်ကိုပိုပြီး ချစ်စရာကောင်းပြီးတော့ ကြည့်ရှုသူတွေကိုလည်း မရိုးအီစေပါဘူး။

မင်းသားနှစ်ယောက်ကြားက Bromance လေး နည်းနည်းကလည်း ရှိသေးတာမို့ မိန်းကလေးပရိတ်သတ်တွေ အကြိုက်ပဲပေါ့။

“She Was Pretty”

Source: Netflix

“She Was Pretty” ဇာတ်လမ်းတွဲကတော့ မင်းသားနှစ်ယောက်ကြားမှာ ဘယ်သူက မင်းသမီးနဲ့ပိုထိုက်တန်လဲ၊ ပိုလိုက်ဖက်လဲဆိုပြီး ရွေးချယ်ရတာ အင်မတန်ခက်ခဲလို့ ပရိတ်သတ်တွေအတွက်တော့ ကြည့်လို့လည်းကောင်း စိတ်လည်းပင်ပန်းရတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်ကိုပြောပါဆိုရင်တော့ မင်းသမီး Hwang Jung Eum ရဲ့ မင်းသားနှစ်ယောက်လုံးနဲ့ အတွဲညီညီသရုပ်ဆောင်ထားနိုင်မှုလို့ ပြောချင်ပါတယ်။ မင်းသားနှစ်ယောက်ကြားမှာ သင့်နှလုံးသားက ရိုလာကိုစတာစီးနေရသလို ရင်တလှပ်လှပ်ဖြစ်နေမှာပါ။

“Who Are You: School 2015”

Source: hangukhobby

ဒီသုံးခုမြောက် ဇာတ်လမ်းတွဲလေးကလည်း ၂၀၁၅ ခုနှစ်ထဲမှာပဲဖြစ်ဖြစ် ကျောင်းသားဇာတ်လမ်းတွဲတွေထဲမှာပဲဖြစ်ဖြစ် အင်မတန်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

အထက်တန်းကျောင်းသူတစ်ယောက်၊ ကျောင်းသားနှစ်ယောက်တို့ကြားက ရိုမန့်စ်နဲ့ လူငယ်သဘာဝ Anxiety တို့ကို မြင်တွေ့ရမှာဖြစ်လို့ ဇာတ်ကောင်နဲ့အညီ လိုက်မျောပြီးကြည့်ရှုတတ်သူတွေအဖို့တော့ ဝမ်းသာရ၊ ဝမ်းနည်းရဖြစ်နေမှာပါ။

အထူးသဖြင့် ငပြောင်လေးနဲ့ ပျော်ပျော်နေတတ်တဲ့ Gong Tae Kwang ရဲ့ ပရိတ်သတ်တွေဆိုရင်ပေါ့။

“Heirs” 

Source: Chanel-Korea

K-drama တွေထဲက သုံးပွင့်ဆိုင်တွေကို ပြောမယ်ဆိုရင် “Heirs” ကို ဘယ်လိုမှချန်ထားခဲ့လို့မရပါဘူး။ ထိပ်သီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ “Heirs” ဇာတ်လမ်းတွဲထဲက Cha Eun Sang, Kim Tan နဲ့ Choi Young Do တို့ရဲ့ သုံးပွင့်ဆိုင်ကတော့ လူပြောအများဆုံးပါပဲ။

ဒီသုံးပွင့်ဆိုင် နာမည်ကြီးရတဲ့အကြောင်းအရင်းကတော့ အချေမင်းသားလေး Choi Young Do လို့ပဲ ထင်မိပါတယ်။ ဘယ်လောက်ပဲဆိုးသွမ်းမာကြောနေပါစေ Cha Eun Sang နဲ့ ပတ်သက်လာရင် ဘာမှမမြင်တော့ပါဘူး။ သူ့ရဲ့ရည်းစားပြိုင်ဖက်က ဘယ်လောက်ပဲ အရင်တုန်းက အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါစေပါ။

“Hwarang”

Source: BTS Wiki – Fandom

အင်မတန်ချော၊ အင်မတန် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ ကိုယ်ရံတော်အုပ်စုရဲ့ ဇာတ်လမ်းကိုပြောပြနေတဲ့ “Hwarang” ဇာတ်လမ်းတွဲထဲက သုံးပွင့်ဆိုင်နာမည်ကြီးရတဲ့ အကြောင်းအရင်းကို အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ မင်းသားနှစ်ယောက်လုံးက ချောလွန်းလို့ပါ😉။

Park Seo Joon က တစ်ဖက် Park Hyung Sik က တစ်ဖက်နဲ့ဆိုရင် ဘယ်မိန်းကလေးက ဘယ်လိုရွေးလို့ရတော့မလဲနော်။ Park Seo Joon ရဲ့ ဇာတ်ကောင် Moo Myung က သစ္စာရှိတယ်၊ သတ္တိရှိတယ် ပြီးတော့ လက်ရုံးရည်ကောင်းတယ်။

Park Hyung Sik ရဲ့ ဇာတ်ကောင်ကျတော့ ဆွဲဆောင်မှုရှိတယ်၊ ယုံကြည်အားထားရတယ်၊ နှုတ်ခမ်းနီမလေးတွေ ကြွေချင်စရာကောင်လှပါတယ်။ အင်မတန်ချော၊ အင်မတန်ပြီးပြည့်စုံတဲ့သူတွေနဲ့ သုံးပွင့်ဆိုင်ဖြစ်နေတော့ ဘာမှထပ်ပြောစရာမရှိတော့ဘူးပေါ့နော်။

“Reply 1988”

Source: Soompi

“Reply 1988” ဇာတ်လမ်းတွဲထဲက သုံးပွင့်ဆိုင်ကတော့ K-drama သမိုင်းတစ်လျှောက်ရဲ့ သုံးပွင့်ဆိုင်တွေထဲကမှ အင်မတန်ကြေကွဲစရာအကောင်းဆုံး သုံးပွင့်ဆိုင်တွေထဲမှာ တစ်ခုအနေနဲ့ ပါဝင်နေမယ်ဆိုတာ သေချာပါတယ်။

မောင်နှမတွေအလား သတ်မှတ်လို့ရလောက်တဲ့အထိ ကလေးဘဝကတည်းက အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်ပြီး Duk Sun ကို Jung Hwan ရော Choi Taek ကပါ သဘောကျနေကြပါတယ်။

ရင်နာစရာအကောင်းဆုံးအပိုင်းကတော့ Jung Hwan နဲ့ Taek တို့ နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် မနာကျင်စေချင်ကြတဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက Bromance ကလည်း နောက်ထပ်ပြောစရာအချက်ပါ။

Romance ရော Bromance ရော နှစ်ခုလုံးမြင်တွေ့ရမယ့် ဒီအချစ်ဇာတ်လမ်းလေးက ကြည့်ရှုသူတို့အတွက် အချိန်ပေးရကျိုး အများကြီးနပ်ပါတယ်။