အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းအဖြစ် Jumping Jacks ကစားနည်းကို ပြုလုပ်လေ့ရှိကြသလို ကြံ့ခိုင်ရေးအစီအစဉ်တိုင်း လိုလိုမှာလည်း ထည့်ကစားလေ့ရှိပါတယ်။ ဒါ့အပြင် အချိန်နေရာမရွေး ကိရိယာတစ်ခုမှမပါဝင်ပဲ ကစားနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

Jumping Jacks လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခု ဖြစ်တဲ့အပြင် အသက်အရွယ်မရွေး ကစားလို့ရပါတယ်။

အခု ပြောပြပေးချင်တာကတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် Jumping Jacks ကစားနည်းရဲ့ ကောင်းကျိုးတွေအကြောင်း ဖြစ်ပါတယ်။

(၁) နှလုံးကို ကျန်းမာစေတယ်

Jumping Jacks လေ့ကျင့်ခန်းဟာ Aerobic Cardio လေ့ကျင့်ခန်း တစ်ခုဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့ အသက်ရှုစနစ်ကို တိုးတက်စေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

နှလုံး ကြွက်သားတွေဆီကို အောက်ဆီဂျင် ကောင်းစွာ ပို့ဆောင်ပေးတဲ့အတွက် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး နှလုံးကို ကျန်းမာသန်စွမ်းစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။

(၂) ဝိတ်ကျစေတယ်

ကိုယ်အလေးချိန် လျော့ချနေသူတွေ ကြားမှာတော့ Jumping Jacks လေ့ကျင့်ခန်းက နာမည်ကြီးပါတယ်။ ဒီ Cardio လေ့ကျင့်ခန်းဟာ ချွေးထွက်များပြီး အဆီပိုတွေကို ကောင်းစွာ လောင်ကျွမ်းစေတဲ့အတွက် တခြား လေ့ကျင့်ခန်းတွေထက် ကိုယ်အလေးချိန် (၂) ဆ လျော့ကျစေဖို့ ကူညီပေးပါတယ်။

Jumping Jacks လေ့ကျင့်ခန်း စလုပ်မယ့် သူတွေအနေနဲ့ အကြိမ် ၅၀ ၊ ၃ ကျော့ ခန့် စတင် ပြုလုပ်နိုင်ပါတယ်။

(၃) ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေ သန်မာစေတယ်

Jumping Jack လေ့ကျင့်ခန်းက အဓိကအားဖြင့် ခုန်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေနဲ့ ခြေထောက်တွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။

ခြေသလုံး ၊ ပေါင် ၊ တင်ပါး ၊ ခြေထောက်နဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာရှိတဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၄) ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေတယ်

Jumping Jack လေ့ကျင့်ခန်း ကစားတဲ့အခါ ခန္ဓာကိုယ်ကို ခုန်ကာ ခြေထောက်နဲ့ လက်နှစ်ဘက်ကို လွဲပြီး လှုပ်ရှားပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားနည်းဟာ ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားတွေသာမက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ကစားတဲ့ အကြိမ်အရေအတွက်နဲ့ လျင်မြန်မှု အရှိန်ပေါ်မူတည်ပြီး ကြွက်သားတွေရဲ့  ကြံ့ခိုင်သန်မာမှုဟာ အနှေးနဲ့အမြန် တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှုလျော့ကျစေတယ်

Jumping Jack လေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုများသူတွေ အဓိက ကစားသင့်ပါတယ်။ လေ့လာမှုတွေအရ  Jumping Jack လေ့ကျင့်ခန်း ၁၅ မိနစ်လောက် နေ့စဉ်ပုံမှန် ကစားပေးတာဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်ကို စည်းချက်ကျကျ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေ ကစားတဲ့အခါ ဦးနှောက်ကနေ ခံစားမှုကောင်းတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပြီး စိတ်ဖိစီးတွေကို သက်သာစေကာ ပျော်ရွှင်မှုတိုးစေမှာ ဖြစ်ပါတယ်။