အခုနောက်ပိုင်း လူငယ်တွေကြားထဲ ရေပန်းစားလာတဲ့ Self Improvement အလုပ်တစ်ခုကတော့ Journaling လုပ်တာပါ။ Journaling ဆိုတာကတော့ အလွယ်ပြောရရင် ဒိုင်ယာရီရေးတာပါ။ သင့်ဘဝအကြောင်းတွေ၊ သင့်လိုအပ်ချက်တွေ၊ သင့်အားသာချက်တွေကို စာအုပ်ထဲ ချရေးရတာပါ။ Journaling လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အတွေးလွန်တတ်သူတွေအတွက် အတွေးတွေ အစီအစဉ်တကျဖြစ်စေပါတယ်။ ဘဝပန်းတိုင်ကို ပြတ်ပြတ်သားသား မြင်စေပြီး စိတ်ဖိစီးမှုလည်း လျော့ကျစေပါတယ်။ သင်က Journaling လုပ်ချင်ပေမယ့် ဘယ်လိုစလုပ်ရမလဲ မသိရင်တော့ ဒီအဆင့်တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ သင်နှစ်သက်တဲ့ စာအုပ်ကို ရှာဖွေပါ

Journaling လုပ်ဖို့အတွက် စာအုပ်လှလှလေးလိုပါတယ်။ သင် နေ့တိုင်း ရေးရမယ့်စာအုပ်ဖြစ်တာကြောင့် သင်နှစ်သက်တာလေး ဖြစ်သင့်ပါတယ်။ စာအုပ်က ဟောင်းနွမ်းပြီး ညစ်ပေနေရင် ရေးဖြစ်လည်း တစ်ရက်နှစ်ရက်ပါပဲ။ ဒီတော့ စာအုပ်လှလှလေး တစ်အုပ်ကို ပထမဆုံး ဝယ်ရပါမယ်။

၂။ နှစ်လိုဖွယ် စာရေးကိရိယာတွေ

စာအုပ်လိုပဲ ဒုတိယအဆင့်ကတော့ သင်ကြိုက်တဲ့ ဘောပင်၊ ခဲတံ၊ ပေတံ စတာတွေကို စုဆောင်းရမှာပါ။ ဒီအဆင့်ကတော့ ပထမအဆင့်လောက် အဓိက မကျပါဘူး။ ကိုယ်ရေးရအဆင်ပြေတဲ့ စာရေးကိရိယာတွေ ရှိရုံနဲ့တင် လုံလောက်ပါတယ်။

၃။ ကိုယ်ကျေးဇူးတင်တဲ့အရာ

ပထမဆုံး စာအုပ်ထဲ ရေးပေးရမှာကတော့ သင့်ဘဝမှာ ကျေးဇူးတင်တဲ့ အရာ (၃) ခုကို ရေးပေးရပါမယ်။ သင့်မိသားစု ဖြစ်နိုင်သလို သင့်ဘဝ မကြောင့်မကြ နေနိုင်တဲ့ အကြောင်းပြချက် ဖြစ်နိုင်ပါတယ်။ သင့်ဘဝမှာ ကျေးဇူးတင်သင့်တဲ့ အရာတွေ တော့ ရှိစမြဲပါ။

၄။ ဒီနေ့အတွက် လုပ်ချင်တဲ့ ပန်းတိုင်

ဒီနေ့မှာ သင်ဘယ်အရာတွေကို ပြီးမြောက်ချင်လဲဆိုတဲ့ ပန်းတိုင် ၃ ခု ကို ရေးပေးသင့်ပါတယ်။ ဒီနေ့မှာ ဘယ်ကိစ္စကို ပြီးအောင် လုပ်မယ်၊ ဘယ်ကို ရောက်အောင်သွားမယ် စသဖြင့် တစ်နေ့တာ အတွက် အရေးကြီးတဲ့ ပန်းတိုင် (၃) ခုကို ရေးသင့်ပါတယ်။

၅။ သင့်ကိုယ်သင် တန်ဖိုးထားကြောင်း

သင်က လှတယ်၊ တော်တယ်၊ ထက်မြက်တယ် စသဖြင့် သင့်ကိုယ်သင် ကောင်းတဲ့ဘက်က အတည်ပြုပေးတဲ့ စာ သုံးကြောင်းကို ရေးပေးရပါမယ်။ ဒီလိုပုံမှန်ရေးပေးတာက သင်ဒီအရာကို မဖြစ်သေးရင်တောင် သင့်ဦးနှောက်က ယုံကြည်လာပြီး တကယ်ဖြစ်လာပါလိမ့်မယ်။

၆။ သူငယ်ချင်းတစ်ယောက်ဆီ စာရေးပါ

သင်ကြည့်မရတဲ့ သူငယ်ချင်း ဖြစ်နိုင်သလို သင်အခင်ဆုံး သူငယ်ချင်းဆီလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို သင်က ဘယ်လိုပဲဖြစ်ဖြစ် ခင်မင်ကြောင်း၊ ကောင်းမွန်တဲ့ စာတစ်စောင်ကို ရေးပေးရပါမယ်။ ဒီလိုရေးတာက သင့်စိတ်ကို ကြည်လင်စေပါတယ်။

၇။ ဒီနေ့အတွက် ရည်ရွယ်ချက်ကိုရေးပါ

ဒီတစ်နေ့တာကို ဘယ်လို ဖြတ်သန်းချင်လဲ ရေးပေးသင့်ပါတယ်။ ဒီတစ်နေ့တာကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ဖြတ်သန်းသွားမယ်၊ ဘယ်လို အခက်အခဲ ကြုံလာပါစေ အကောင်းဆုံး ကျော်ဖြတ်သွားမယ် စသဖြင့် တစ်နေ့တာအတွက် ရည်ရွယ်ချက်ကို ရေးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar