ဒီနေ့ခေတ်မှာ အလုပ်အကိုင်ရေစီးကြောင်းဟာ အကြီးအကျယ်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ဟိုအရင်က စိတ်ကူးထဲတောင် မစဉ်းစားဖူးတဲ့ အလုပ်အကိုင်သစ်တွေ ဒီနှစ်ပိုင်းတွေမှာ မြင်လာရသလို ဘယ်တော့မှ ပျောက်ကွယ်မသွားဘူးထင်ခဲ့တဲ့ အလုပ်အကိုင်မျိုးတွေလည်း မြန်မြန်ဆန်ဆန်ပဲ ပြိုလဲပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

နောင်လာမယ့် ဆယ်စုနှစ်ဟာ Artificial Intelligence လို့ခေါ်တဲ့ လူလုပ်ဉာဏ်ရည်တုနည်းပညာ ၊ စက်ရုပ်နဲ့ အလိုအလျောက်နည်းပညာများ ၊ AR/VR ပုံရိပ်ယောင်နည်းပညာ ၊ 3D Printing နည်းပညာ ၊ မောင်းသူမဲ့ကား ၊ Big Data နဲ့ 5G နည်းပညာတွေကြောင့် လက်ရှိ အလုပ်အကိုင် အတော်များများဟာ သေချာပေါက် ထိခိုက်လာနိုင်ပါတယ်။ ဒီထဲမှာ အခုပြောမယ့် နည်းပညာတွေက လူတွေရဲ့ အလုပ်ကို အစားထိုးလုပ်သွားဖို့ ရှိပါတယ်။

(၁) စက်ရုပ်နည်းပညာ

Photo : PAX International

စက်ရုပ်နည်းပညာကြောင့် ပျောက်ဆုံးနိုင်တဲ့ အလုပ်အကိုင်တွေအများကြီး ရှိပါတယ်။ ဒီထဲမှာ စားသောက်ဆိုင်ဝန်ထမ်း ၊ အရောင်းစာရေးနဲ့ ဟိုတယ်ဝန်ထမ်းတွေလည်း ပါနေပါတယ်။ ဒီလို ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကုန်တင်ကုန်ချလုပ်ငန်းတွေမှာပါ စက်ရုပ်တွေ နေရာယူသွားနိုင်ပါတယ်။

(၂) ဒရုန်းများ

Photo : KnowTechie

ဒရုန်းတွေဟာ ဖျော်ဖြေရေးအဆင့်ကနေ လူအစားထိုး နည်းပညာတွေ ဖြစ်လာနိုင်ပါတယ်။ ဒရုန်းအရွယ်အစားနဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ စီးပွားရေး ၊ အနုပညာ ၊ စစ်ရေးကနေ ကျန်းမာရေးအထိ သုံးလာဖို့ ရှိပါတယ်။ တရုတ်မှာတော့ ဒရုန်းနဲ့ စပါးစိုက်တာတွေပါ လုပ်လာပါတယ်။လာမယ့် ၁၀ နှစ်မှာ ဒရုန်းကြောင့် လယ်ယာလုပ်သားများ ၊ အစားအသောက်နဲ့ ပစ္စည်းပို့ဆောင်ရေးဝန်ထမ်းများ အလုပ်အကိုင် ထိခိုက်လာနိုင်ပါတယ်။

(၃) AI & Big Data

Photo : Indian Journal of Law and Public Policy

AI ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါလာနေပါတယ်။ တစ်ချိန်တည်းမှာပဲ AI တွေဟာ ပိုပြီးအဆင့်မြင့်လာပြီး ဆုံးဖြတ်ချက်ချတဲ့ Decision Maker အဆင့်အထိ ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။ AI နည်းပညာဟာ ဘဏ်ဝန်ထမ်းများ ၊ စာရင်းကိုင်များ ၊လေယာဉ်မောင်/မယ်များအပြင် သတင်းထုတ်လုပ်ရေးသားမှုအထိ နေရာယူနိုင်ပါတယ်။ AI ရဲ့ စွမ်းဆောင်ရည်ဟာ ကြောက်ခမန်းလိလိ တိုးတက်လာနေတာ ဖြစ်လို့ ဒီနည်းပညာကြောင့် ပျောက်ဆုံးသွားနိုင်တဲ့ အလုပ်အကိုင်စာရင်းက ဒီထက်မက ရှည်လျားနိုင်ပါတယ်။

(၄) မောင်းသူမဲ့ကား

Photo : Autocar

တကယ်လို့ နောင် ၅နှစ် ၁၀ နှစ်အကြာ လမ်းပေါ်မှာ မောင်းသူမဲ့ကားတွေ မြင်ရရင် သိပ်ပြီး မအံ့ဩလိုက်ပါနဲ့။ အခုကိုပဲ နည်းပညာဖွံ့ဖြိုးမှုမြင့်နေတဲ့ နိုင်ငံကြီးတွေက မောင်းသူမဲ့ကားတွေ စတင်ပြေးဆွဲနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် မောင်းသူမဲ့ကားတွေကြောင့် ယာဉ်မောင်းတွေ အလုပ်ရှားသွားမယ် ဆိုတာလည်း ထည့်စဉ်းစားကြည့်နိုင်ပါတယ်။

(၅) 3D Printing

Photo : MSE Supplies

3D Printing နည်းပညာနဲ့ ထုတ်လုပ်တဲ့ လက်နက်တွေ ၊ ယာဉ်အမျိုးမျိုးနဲ့ နောက်ဆုံး အဝတ်အစားအထိ ကြားဖူးမှာပါ။ တကယ်တော့ 3D Printing နည်းပညာကို လက်ဝတ်ရတနာ ၊ စက်မှုဒီဇိုင်း ၊ ဗိသုကာ ၊ အင်ဂျင်နီယာနည်းပညာ ၊ ဆောက်လုပ်ရေး ၊ အာကာသယာဉ် ၊ သွားနဲ့ ဆေးဝါးဆိုင်ရာ လုပ်ငန်းများ ၊ ပညာရေးနဲ့ ပထီသတင်းအချက်အလက်စနစ် ၊ မြို့ပြအင်ဂျင်နီယာ စတဲ့စတဲ့ ကဏ္ဍပေါင်းစုံမှာ သုံးနေတာပါ။

ဒီနည်းပညာဟာ စက်ရုံလုပ်သားတွေ ၊ ဆောက်လုပ်ရေးလုပ်သားတွေ ၊ စက်မှုလက်မှုနဲ့ လူသုံးကုန်ထုတ်လုပ်ရေး လုပ်သားအားလုံးရဲ့ အလုပ်အကိုင်ကိုပါ ခြိမ်းခြောက်လာဖို့ ရှိပါတယ်။