ဆံသားတွေကိုလှပဖို့အတွက် ထိန်းသိမ်းနည်းတွေလုပ်ဖို့ များစွာသောနည်းလမ်းတွေနဲ့ လုပ်နေကြပေမယ့် ထိန်းသိမ်းသင့်တာတွေ၊ မပျက်စီးအောင် လိုက်နာသင့်တာတွေကို မလုပ်နေဘူးဆိုရင်တော့ အနှေးနဲ့အမြန်တော့ ပျက်စီးလာမှာပဲပေါ့။ ဒီလိုမျိုးတွေ မဖြစ်ဖို့ဆိုရင် ညဘက်မှလုပ်မိနေတဲ့ တစ်ချို့မှားယွင်းမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေစိုနေတဲ့ဆံပင်တွေနဲ့အိပ်တာ

ခေါင်းလျှော်ဖို့အချိန်သိပ်မရတဲ့ မိန်းကလေးအများစု အိမ်မှာခေါင်းလျှော်ရင်လုပ်တတ်တဲ့ အကျင့်လေးတွေပေါ့။ ညဘက်ရောက်မှခေါင်းလျှော်မယ်။ ပြီးရင်သေချာခြောက်အောင် မလုပ်ပေးပဲ အိပ်ယာထဲမှာဝင်ပြီးတော့ အိပ်လိုက်မယ်ဆိုရင်တော့ ဆံသားကိုပိုပျက်စီးစေပြီး ဆံပင်ကျွတ်တာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်နော်။

ရေပူနဲ့ခေါင်းလျှော်တာ

ညဘက်မှာရေပူနဲ့ရေချိုးတယ်ဆိုတာက ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီး ပင်ပန်းတာတွေကို ပျောက်ကင်းစေတယ်ဆိုပေမယ့်လည်း ရေချိုးရင်းနဲ့ခေါင်းလျှော်တဲ့အချိန်မှာတော့ ရေပူသုံးပေးတာမျိုးကို ရှောင်စေချင်ပါတယ်နော်။ ပူနေတဲ့ဒဏ်ကြောင့် ဆံသားတွေကို အလွယ်တကူကျိုးကျေနိုင်ပြီး ဆံသားကြမ်းတမ်းတာ၊ ဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်နော်။

မလျှော်ရသေးတဲ့ခေါင်းအုံးတွေ

တကယ်တော့ အိပ်ယာခင်းတွေခေါင်းအုန်းတွေကို သုံးပတ်တစ်ခါလောက် ပုံမှန်လျှော်ဖွတ်ပေးနေမှ အသားအရေအတွက်လည်း ကောင်းမွန်ပြီး ဆံသားကိုလည်းမထိခိုက်စေမှာပေါ့။ မလျှော်ရသေးတဲ့ခေါင်းအုံးတွေနဲ့ပဲ ဆက်ပြီးတော့အိပ်နေမယ်ဆိုရင် ဆံပင်ကိုလည်းဘက်တီးရီးယားတွေ ကပ်သွားစေပြီး ဆံပင်အနံ့ဆိုးထွက်တာတွေ၊ ဗောက်ထတာတွေကိုဖြစ်လာစေနိုင်ပါတယ်။

ဆံပင်တွေကိုဒီတိုင်းချထားတာ

အိပ်တော့မယ့်အချိန်တွေမှာ ဆံပင်တွေကိုဒီတိုင်းထားပြီးပဲ အိပ်လိုက်တာမျိုးက အသားအရေအတွက်ပျက်စီးတာမျိုးတွေ ဖြစ်လာစေဖို့အခွင့်အရေးပိုပြီးတော့ များလို့နေပါတယ်နော်။ ဆံပင်မှာကပ်တွယ်နေနိုင်တဲ့ ဘက်တီးရီးယားတွေက မျက်နှာအသားအရေကို ထိပြီးဝက်ခြံတွေကို ဖြစ်စေဖို့အလားအလာပိုပြီးတော့ များနေပါတယ်နော်။

ခြောက်သွေ့နေတဲ့ဆံသား

အိပ်ခါနီးအချိန်တွေမှာ အသားအရေနဲ့ ဆံသားတွေကိုထိန်းသိမ်းဖို့ အကောင်းဆုံးအချိန်ဖြစ်တာကြောင့် တော်တော်များများကတော့ ညဘက်တွေမှာမျက်နှာပေါင်းတင်တာမျိုးတွေကို လုပ်တတ်ကြတာပေါ့။ ဒါပေမယ့် ဆံသားအတွက်တော့ ဂရုစိုက်မှုတွေကိုသိပ်ပြီးတော့ မလုပ်တတ်ကြတာကများပါတယ်။ ခြောက်သွေ့နေတဲ့ဆံသားတွေကို အစိုဓာတ်ရရှိအောင် သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းပေးဖို့ကလည်း လိုအပ်တဲ့အချက်ပါပဲ။