ဆွဲဆောင်မှုရှိဖို့အတွက် Branded Fashion တွေချည်း ဝတ်စရာမလိုပါဘူး။ တစ်ခါတစ်လေမှာ ဝတ်တတ်ဆင်တတ်ရင် ကြည့်လို့ကောင်းပြီး စတိုင်မိတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ အထူးတလည် အားစိုက်စရာ မလိုဘဲနဲ့ ဖက်ရှင်ကျနိုင်တဲ့ နည်းတစ်ချို့ကို ညွှန်းချင်ပါတယ်။

(၁) ဘောင်းဘီနဲ့ လိုက်တဲ့ ခါးပတ်သုံးပါ

Photo: Shutterstock

သိပ်မခက်ပါဘူး။ ဘောင်းဘီရဲ့ အရောင်နဲ့ လိုက်ဖက်ပြီး ကာလာစပ်မှန်တဲ့ ခါးပတ် ပတ်ရင် ပိုပြီး ကြည့်ကောင်းပါတယ်။ ခါးပတ်နဲ့ ဘောင်းဘီ ကာလာဟပ်အေင် သုံးခြင်းဟာ အမြင်အာရုံကို လှည့်စားနိုင်ပါတယ်။အထူးသဖြင့် အရပ်ပုတဲ့ အမျိုးသားတွေမှာ ခါးပတ်နဲ့ ဘောင်းဘီ လိုက်ဖက်အောင် ဆင်တတ်ရင် အရပ်အမောင်း ပိုအချိုးကျလာတယ်လို့ ထင်စေနိုင်ပါတယ်။ ညှို့အားပြင်းတဲ့ အမျိုးသားတွေဟာ Monchromatic လို့ခေါ်ရမယ့် ယူနီဖောင်းဖြစ်တဲ့ ကာလာတစ်မျိုးတည်းကို ဆင်မြန်းကြပါတယ်။

(၂) နေကာမျက်မှန် အစွမ်းသုံးပါ

Photo: Shutterstock

သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်တစ်လက်ဟာ အမိုက်စားဖက်ရှင်အတွက် မရှိမဖြစ် လက်နက်ပါပဲ။ Sunglasses တွေဟာ နေပူထဲ ထွက်ချိန်မှာ မျက်လုံးကို အကာအကွယ်ပေးရုံတင်မဟုတ်ဘဲ လူရဲ့ စတိုင်နဲ့ ထင်ပေါ်မှုကိုပါ အားဖြည့်ပေးနိုင်ပါတဲ့ အသုံးအဆောင်လည်း ဖြစ်ပါတယ်။

နေကာမျက်မှန်ရဲ့ ထူးခြားမှုက မျက်နှာအချိုးအစားကျနမှုကိုပါ အများကြီး ပံ့ပိုးပေးနိုင်တာကြောင့် ရုပ်ရည်ပါ ပြောင်းလဲ စေနိုင်ပါတယ်။ နောက်ထပ် ထူးခြားမှုတစ်ခုက လူတွေဟာ နေကာမျက်မှန်အောက်က လူတစ်ယောက်ရဲ့ ရုပ်သွင်ကို စိတ်ဝင်စားမှု ပိုများပါတယ်။

(၃) ဗွီပုံစံ အောက်ခံရှပ်များ

Photo: Shutterstock

ရိုးရိုးလေးဆိုပေမယ့် V-Neck အောက်ခံ ရှပ်အင်္ကျီတစ်ထည်ရဲ့ ဆွဲဆောင်မှုကလည်း အထင်သေးလို့ မရပါဘူး။ ဗွီပုံစံ လည်ပင်းပေါက်ပါတဲ့ ရှပ်ဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေရုံတင်မဟုတ်ဘဲ သင့်ရင်ဘတ်ကြွက်သားတွေရဲ့ အလှတရားပါ ဖော်ပြပေးနိုင်ပါတယ်။

(၄) သပ်ရပ်အောင် ဝတ်ဆင်ပါ

Photo: Shutterstock

Fit is King ပါ ။ သင့်ဘာသာ ဘယ်တံဆိပ်အင်္ကျီပဲ ဝတ်ဝတ် ၊ ဘယ်လိုတန်ဖိုးကြီး Jeans ဘောင်းဘီပဲ ဆင်ဆင် အရေးကြီးတာ သင့်ကိုယ်ခန္ဓာမှာ သပ်သပ်ရပ်ရပ် နဲ့ အနေတော် ဆိုဒ်ဖြစ်နေဖို့ပါပဲ။ သင်ဝတ်ထားတဲ့ ရှပ်က နည်းနည်းကြီးနေတယ်ဆိုရင် ဘောင်းဘီထဲ ထည့်ပြီး သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ရင် ပုံစံ ချက်ချင်း ပြောင်းသွားပါလိမ့်မယ်။

(၅) မှန်ကန်တဲ့ အရောင် သုံးပါ

Photo: Shutterstock

ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အရောင်ပါ ဝတ်စုံ ဝတ်ခြင်းဟာ သင့်မျက်နှာကို ပေါ်လွင်ထင်ရှားစေနိုင်ပါတယ်။ အသားဖြူ/လတ်ပြီး ဆံပင်နက်တဲ့သူတွေဟာ အပြာရင့် ၊ အဖြူ ၊ အနက် ၊ စိမ်းပြာနဲ့ နီညိုကာလာတွေ ဝတ်ပေးနိုင်ပါတယ်။

ပုံမှန်အသားအရေနဲ့ ဆံပင်အနက်ရောင် ရှိသူတွေမှာ ဝတ်ဖို့ ရွေးစရာ ကာလာတွေ ပိုစုံပါတယ်။ အဖြူ ၊ မိုးပြာရောင် ၊ သံလွင်စိမ်း ၊ အမှိုင်းရင့်ကာလာတွေ ဆင်နိုင်ပါတယ်။ အသားလတ်ပြီး ဆံပင်ကာလာဖျော့သူတွေဟာ အရောင်မှိုင်းတွေနဲ့ လိုက်သလို ပန်းရောင် ၊ မီးခိုးနဲ့ အပြာနု ၊ အပြာမှိုင်းတွေလည်း ဝတ်ပေးနိုင်ပါတယ်။

အသားမည်းပြီး ဆံပင်နက်သူတွေဟာ အရောင်ပိုတောက်တာတွေ ဝတ်နိုင်ပါတယ်။ခရမ်းရောင် ၊ အပြာ ၊ စိမ်းပြာတောက် နဲ့ မီးခိုးဖျော့ရောင်တွေနဲ့ လိုက်ပါတယ်။ ဒီလို ကာလာအတွဲအစပ်နဲ့ လိုက်ဖက်အောင် ဝတ်တတ်ရင် ဖက်ရှင်ကျပြီး စတိုင်မိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ခက်တော့မှာ မဟုတ်ပါဘူး။