အခုနောက်ပိုင်းမှာတော့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် ညဘက်ဆိုရင် တော်ရုံနဲ့အိပ်မပျော်ပဲ မျက်စိကြောင်နေတတ်ပါတယ်။ Facebook သုံးလိုက်၊ ဖုန်းသုံးလိုက်နဲ့ဆိုတော့  ကြာလာတာနဲ့အမျှ ညဘက်အိပ်မပျော်တာက အကျင့်ကြီးတစ်ခုလို ဖြစ်လာပါတယ်။

ဒီလိုညဘက်အိပ်မပျော်ခြင်းနဲ့ အိပ်ရေးမဝခြင်းဟာ ပျိုမေတို့ရဲ့အလှအပရေးရာကို အရမ်းထိခိုက်စေပါတယ်။ အသားအရေညစ်နွမ်းတာနဲ့ မျက်ကွင်းညိုတာကတော့ အဆိုးဆုံးပဲပေါ့။ ဒါကြောင့် ပျိုမေတို့ရဲ့အလှအပတွေကို မထိခိုက်စေဖို့ ညဘက်မှာကောင်းကောင်းအိပ်ပျော်အောင် လုပ်ပေးရမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

သင့်ရဲ့ အိပ်စက်ချိန်နဲ့ နိုးထချိန်ကိုသတ်မှတ်ထားပါ။ ညဘက် ၁၀ နာရီအိပ်မယ်ဆိုရင် မနက် ၆ နာရီထပါ။ နေ့တိုင်းအချိန်မှန်အိပ်ပြီးအချိန်မှန်ထပေးပါ။ ဒါကိုအကျင့်လုပ်ပေးမယ်ဆိုရင်တော့ ည ၁၀ နာရီဆိုတာနဲ့ အလိုလိုအိပ်ချင်လာပါလိမ့်မယ်။

Source: www.pexels.com

အိပ်ခါနီးမှာရေအများကြီး မသောက်ပါနဲ့။ ရေအများကြီးသောက်ရင် ခဏခဏအပေါ့သွားချင်နေမှာဆိုတော့ အိပ်စက်ခြင်းကိုအနှောင့်အယှက်ပေးပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်လည်း လုံးဝမသောက်ပါနဲ့။ ညနေ ၅ နာရီနောက်ပိုင်းကစပြီး မသောက်တာအကောင်းဆုံးပါ။ အိပ်ခါနီးမှာအစာစားတဲ့အကျင့်ကိုလည်း ရှောင်ကြဉ်ပေးဖို့လိုပါတယ်။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။

Source: www.pexels.com

စိတ်ဖိစီးမှုတွေနဲ့ Stress တွေရှိနေရင်လည်း ညဘက်မှာကောင်းကောင်းအိပ်မပျော်ပါဘူး ဒါကြောင့် စိတ်ဖိစီးမှုနဲ့ Stress တွေရှိနေရင် အိပ်ခါနီး တစ်နာရီအလိုမှာ ယောဂကျင့်တာ၊ တရားထိုင်တာတွေလုပ်ပေးပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ဒီနည်းလမ်းက အထောက်အကူပြုပါတယ်။

Source: www.pexels.com

နေ့ခင်းဘက်မှာအိပ်စက်ခြင်းက  ညဘက်မှာကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကို အနှောင့်အယှက်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ညဘက်အိပ်ခါနီးတစ်နာရီအလို (သို့) နှစ်နာရီအလိုလောက်ကစပြီး ဖုန်းလုံးဝမသုံးပါနဲ့။ ကွန်ပြူတာနဲ့ တီဗီလည်းမကြည့်ပါနဲ့။ အဲ့ဒီအစား စာအုပ်လေးဖတ်နေတာကမှ ပိုကောင်းပါတယ်။

Source: www.pexels.com

အိပ်စက်တဲ့အခါမှာလည်းကိုယ့်အိပ်ယာ၊ ကိုယ့်အိပ်ခန်းက သပ်ရပ်သန့်ရှင်းပြီး အနံ့အသက်ကောင်းနေဖို့လိုပါတယ်။ ဒါမှလည်း ကောင်းစွာအိပ်ပျော်နိုင်မှာပါ။ အိပ်တော့မယ်ဆိုရင် အိပ်ခန်းကအလင်းရောင်တွေအားလုံးကို ပိတ်ထားပါ။ မီးပိတ်ပြီးမအိပ်တတ်ရင် မီးမှိန်မှိန်လေးထွန်းပြီး Eye Cover လေးတပ်အိပ်နိုင်ပါတယ်။ အခန်းဟာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးနေမယ်ဆိုရင်တော့ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Source: www.pexels.com

ဒီအချက်တွေကိုသာ အဓိကထားပြီးလုပ်ကြည့်မယ်ဆိုရင်တော့ ညဘက်မှာ ကောင်းကောင်းအိပ်စက်နိုင်သွားမှာဖြစ်တဲ့အတွက် ပျိုမေတို့ရဲ့အလှအပတွေကိုလည်း မထိခိုက်စေတော့ဘူးပေါ့။

Source: www.pexels.com