မိန်းကလေးတစ်ယောက်က စိတ်နေစိတ်ထားလှပတဲ့အခါ သူမရဲ့တည်ငြိမ်အေးချမ်းမှုက သူမရဲ့အလှကိုထင်ဟပ်သွားစေပါတယ်။ အများတကာက အားကျအတုယူချင်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အော်ကြီးဟစ်ကျယ်နဲ့ စည်းမဲ့ကမ်းမဲ့နေမယ့်အစား သပ်သပ်ရပ်ရပ်နဲ့ မှန်ကန်တဲ့အပြုအမူတွေပြုကျင့်ဖို့ လိုအပ်ပါတယ်။

ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်အရာတွေကိုတော့ ရှောင်ကြဉ်သင့်တယ်၊ ဘယ်အရာတွေကိုတော့ ပြုလုပ်သင့်လဲဆိုတာ ဖော်ပြလိုက်ရပါတယ်။

နာမည်ကြီးဒီဇိုင်နာတွေရဲ့အိတ်ကို တုပထုတ်လုပ်ထားတဲ့ အရည်အသွေးမကောင်းသော အိတ်အတုများ

ဈေးကြီးလှတဲ့ နာမည်ကြီးဒီဇိုင်နာတွေရဲ့အိတ်ဝယ်ပြီး ပိုက်ဆံဖြုန်းစရာမလိုပါဘူး။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းတဲ့အပြင် လှပတဲ့အိတ်လေးတွေ အများကြီးရှိပါတယ်။ အရည်အသွေးမကောင်းတဲ့ အိတ်အတုတွေက အခြားသူတွေ အလွယ်တကူသတိထားမိသွားနိုင်လို့ပါပဲ။ အခြားအသုံးအဆောင်ပစ္စည်းများလည်း ထိုနည်းအတိုင်းပါပဲ။

မိမိကိုယ်ကို ဂရုမစိုက်ခြင်း

မိန်းကလေးတစ်ယောက်က မိမိကိုယ်ကိုချစ်တတ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာလှပနေဖို့ အားကစားမှန်မှန်ပြုလုပ်ခြင်း၊ အစားအသောက်ဆင်ခြင်ခြင်း၊ အသားအရေစိုပြေဝင်းပဖို့၊ ဆံကေသာနဲ့ ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပဖို့အတွက် ဂရုစိုက်ပေးပါ။

မိတ်ကပ်အလွန်အကျွံလိမ်းခြင်း

မိမိအသားအရေကို ပုံမှန်ဂရုစိုက်တဲ့မိန်းကလေးက မိတ်ကပ်မလိမ်းထားရင်တောင်မှ မိမိကိုယ်ကိုယုံကြည်ချက်အပြည့်အဝရှိနေပြီး အခြားသူများရဲ့အာရုံစိုက်ခြင်းကို ခံရလေ့ရှိပါတယ်။

ဟင်းရည်ကုန်အောင်သောက်ခြင်း

ဟင်းရည်ကိုကုန်အောင်သောက်ဖို့ဆိုရင် ခွက်ကိုမော့သောက်တာပဲဖြစ်ဖြစ်၊ ခွက်စောင်းလိုက်ရတာပဲဖြစ်ဖြစ်ပြုလုပ်ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်ပါစေ အဲ့ဒီလိုအကုန်အစင် မစားပစ်လိုက်ပါနဲ့။ ဇွန်းနဲ့ ခပ်သောက်လို့မရတော့တဲ့အခါ ချန်ထားလိုက်ပါတော့။

စကားကျယ်ကျယ်လောင်လောင်ပြောခြင်း၊ ကျယ်ကျယ်လောင်လောင်ရယ်ခြင်း

ကျယ်ကျယ်လောင်လောင်ရယ်ခြင်း၊ အော်ဟစ်ပြောဆိုခြင်း၊ ရိုင်းပျစွာပြောဆိုခြင်းတွေကို မပြုလုပ်သင့်ပါဘူး။ မိမိချစ်သူခင်သူ၊ သူငယ်ချင်း၊ မိသားစု၊ သူစိမ်း ဘယ်သူနဲ့ပဲပြောဆိုဆက်ဆံ မိမိစကားပြောတဲ့လေသံကို အမြဲတမ်းဂရုစိုက်ဖို့လိုအပ်ပါတယ်။

လမ်းလျှောက်ရင်း အစားစားခြင်း

ဘယ်လောက်ပဲအလုပ်များနေပါစေ ထမင်းစားပွဲပေါ်မှာ ဇွန်းနဲ့ ခက်ရင်း (သို့) တူနဲ့ သေချာစားဖို့လိုအပ်ပါတယ်။ အမြဲတမ်းလောလော လောလောဖြစ်နေတတ်တဲ့ပုံစံက သင့်ရဲ့ဆွဲဆောင်မှုကိုလျော့ကျစေပါတယ်။

ပျော့တိပျော့ခွေပုံစံ

ပျော့တိပျော့ခွေပုံစံနဲ့ဆို သင်က တစ်ခုခုကိုဝန်ပိနေသလို၊ ပျင်းရိပျင်းတွဲပုံစံပေါက်နေပါတယ်။ ခန္ဓာကိုယ်အနေအထားမှန်ကန်ဖို့အတွက် ပုခုံးကြွက်သား၊ နောက်ကျောကြွက်သားသန်မာဖို့အတွက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။

စိုနေတဲ့ထီးကို အခြောက်ခံဖို့ ဖွင့်ထားခြင်း

သာမန်မိန်းကလေးတစ်ယောက်ဆိုရင်တော့ အဆောက်အဦးတစ်ခုထဲဝင်တော့မယ်ဆို  ထီးလှန်းထားခဲ့တတ်ကြပါတယ်။ ကျင့်ဝတ်လိုက်နာတဲ့ မိန်းကလေးကတော့ သူမရဲ့ရေစိုနေတဲ့ထီးကို ရေစက်တွေအရင်ခါချလိုက်ပြီး ထီးထည့်ဖို့ တောင်းတစ်ခုခုထဲထည့်ထားတာပဲဖြစ်ဖြစ်၊ တန်းမှာ ချိတ်ထားခဲ့တာပဲဖြစ်ဖြစ် ပြုလုပ်ပါတယ်။ ပျိုမေလေးတို့လည်း အများက အားကျရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသေးအဖွဲလေးတွေကအစ ဂရုစိုက်ပေးဖို့လိုတယ်နော်။

Source: Brightside.me