မိန်းကလေးတွေ ဒေါက်ဖိနပ်စီးရခြင်းရည်ရွယ်ချက်က စမတ်ကျကျနဲ့ လှပကျော့ရှင်းစေဖို့ရယ် ပိန်ပိန်သွယ်သွယ်လေးနဲ့ အရပ်ရှည်တဲ့အသွင်ပေါက်စေဖို့ရန်အတွက်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဒေါက်ဖိနပ်စီးလိုက်တိုင်းမှာ လှပကျော့ရှင်းနေဖို့ရန်အတွက် ဒေါက်ဖိနပ်ရွေးချယ်မှုလည်း မှန်ကန်ရပါမယ်။ နို့မဟုတ်ရင် ခြေထောက်နာတာနဲ့ပဲ လမ်းလျှောက်တဲ့အခါ ငိုမဲ့မဲ့ရုပ်နဲ့ အလှပျက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ဒေါက်ဖိနပ်ဝယ်တော့မယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

သင့်ကို သက်သောင့်သက်သာဖြစ်စေမယ့် ဒေါက်ဖိနပ်မျိုးကိုပဲ ရွေးချယ်ဝယ်ယူပါ

ဒီလိုသက်သောင့်သက်သာဖြစ်ဖို့ဆိုရင် ဒေါက်အကွာအဝေးနဲ့ ဖိနပ်ပြားရဲ့အကွာအဝေးကို ထည့်စဉ်းစားရပါမယ်။ အကွာအဝေးပိုနည်းလေ ဒေါက်က ပိုမြင့်လေဖြစ်သွားတတ်ပါတယ်။ စံသတ်မှတ်ထားတဲ့ အကောင်းဆုံးအကွာအဝေးလေးကတော့ ၆ စင်တီမီတာပဲဖြစ်ပါတယ်။ ဒါဆိုရင် စီးရတာလည်း ခြေထောက်ငြိမ်နေမှာဖြစ်ပြီး ခြေထောက်နာမှာမဟုတ်တော့ပါဘူး။

သင့်ခြေထောက်အရွယ်အစားကို တိုင်းတာပါ

ကိုယ့်ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီမယ့် ဒေါက်အမြင့်ကို ရှာရပါမယ်။ ဒီလိုတိုင်းတာဖို့အတွက် ပေကြိုးလိုအပ်ပါလိမ့်မယ်။ ပုံအမှန်ထဲက ပြထားတဲ့အတိုင်း ခြေဖဝါးကို သက်သက်သာသာလေး ပြေလျော့ထားပါ။ ပြီးရင် ခြေဖနောင့်ကနေ ခြေမအောက်တည့်တည့်က လုံးလုံးလေးဖြစ်နေတဲ့ ခြေဖဝါးနေရာအထိ တိုင်းတာလိုက်ပါ။ ရရှိလာတဲ့ အလျားအကွာအဝေးက သင်နဲ့ အသင့်တော်ဆုံးဒေါက်အမြင့်ပဲဖြစ်ပါတယ်။

ကိုယ့်ခြေထောက်အရွယ်အစားထက် သေးလွန်းတဲ့ဒေါက်ဖိနပ်တွေ မဝယ်ပါနဲ့

ဒေါက်ဖိနပ်ဝယ်တဲ့အခါ ကိုယ့်ခြေထောက်နဲ့ ကွက်တိကျနေတာမျိုး၊ ကြပ်နေတာမျိုးတွေ မဝယ်သင့်ပါဘူး။ ကိုယ့်ခြေထောက်ထက် အနည်းငယ်ကြီးတဲ့ဒေါက်ဖိနပ်ကို ရွေးချယ်ဝယ်ယူပါ။ ကြီးနေတယ်ဆိုရင် ဖိနပ်ထဲမှာ ဆီလီကွန်လေး ထည့်ထားလို့ရပါတယ်။ ဒါမှ စီးတဲ့အခါ ခြေထောက်မနာမှာပဲဖြစ်ပါတယ်။

ဖိနပ်မဝယ်ခင်မှာ အစမ်းလမ်းလျှောက်ကြည့်ပါ

ကိုယ်စီးတဲ့ဖိနပ်က သက်သောင့်သက်သာဖြစ်ရဲ့လား၊ ခြေလှမ်းလှမ်းလိုက်တိုင်း ကျွတ်ထွက်သွားတာမျိုး ဖြစ်နေသလား၊ အရမ်းကြပ်ထုပ်နေသလား စတဲ့အချက်တွေကို သိနိုင်ဖို့အတွက် ဖိနပ်မဝယ်ခင်မှာ စမ်းစီးကြည့်ရပါမယ်။ ဆိုင်က ဝန်ထမ်းတွေကို အားနာလို့ဆိုပြီး လမ်းမလျှောက်ဘဲ မနေပါနဲ့။ စက္ကန့်အနည်းငယ်ခန့် ဟိုဟိုဒီဒီ စမ်းလျှောက်ကြည့်လိုက်ပါ။ အမှန်တကယ်အဆင်ပြေတယ်၊ ကိုယ်ကလည်း ကြိုက်တယ်ဆိုမှ ဝယ်ယူလိုက်ပါ။

ပျိုမေတို့အားလုံး ဒေါက်ဖိနပ်လှလှလေးတွေစီးရင်း လှပနိုင်ကြပါစေနော်။

Source: Brightside.me