အမြဲချမ်းမြေ့ပျော်ရွှင်ရတဲ့ အချစ်ရေးမျိုးက ရှားပါတယ်။ သာယာဖြောင့်ဖြူးတဲ့ အချစ်ခရီးဆိုတာ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ၊ သံယောဇဉ်နဲ့ မေတ္တာတရားတွေပေါ် အခြေခံပြီး ရှေ့ဆက်ရတာမျိုး ဖြစ်ပါတယ်။

ဘဝတစ်လျှောက်လုံးမှာ ကိုယ်ချစ်တဲ့သူနဲ့ ကြည်နူးရွှင်မြူးစွာ လက်တွဲနိုင်ဖို့ဆို မဖြစ်မနေ သိထားသင့်တဲ့ အချက်တချို့ ရှိပါတယ်။

(၁) ဆက်သွယ်မှု

လူမှုဆက်ဆံရေးမှာ အခရာအကျဆုံး အချက်တစ်ခုက Communication လို့ ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်စွမ်းပါပဲ။ မှန်ကန်ကောင်းမွန်တဲ့ ဆက်သွယ်မှုတစ်ခုဟာ အခင်အမင်မပျက် ရေရှည်ဆက်ဆံမယ့် ဆက်ဆံရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

ဆက်ဆံရေးကောင်းတစ်ခုမှာ တစ်ဖက်လူရဲ့ အသံကို နားထောင်မှု ၊ ကိုယ့်အမြင်ကို နားဝင်အောင် ပြောတတ်မှု ၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမဝေးစေတဲ့ သတိတရရှိမှုလေးတွေနဲ့ ထိရောက်တဲ့ ပြောဆိုမှုတွေ ပါဝင်နေပါတယ်။

သင့်ချစ်သူနဲ့ အချစ်ရေးမှာလည်း တစ်ယောက်ကို တစ်ယောက် တကယ်နားလည်အောင် ဆက်သွယ်နိုင်စွမ်းဟာ မရှိမဖြစ် အရေးပါတဲ့အရာတစ်ခုပါပဲ။

(၂) လေးစားမှု

လေးစားမှုဆိုတာ အရွယ်သုံးပါးမရွေး လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ လေးစားမှုဟာ အသိအမှတ်ပြုမှု ၊ ကျေးဇူးတင်ခြင်း ၊ နေရာပေးခြင်းနဲ့ တစ်ဖက်သားရဲ့ အခြေအနေကို သိအောင် ကြိုးစားခြင်း စတဲ့ စတဲ့ အလွန်အရေးပါလှတဲ့ လူမှုဆက်သွယ်ချက်တွေကို ချိတ်ဆက်ဖလှယ်ထားခြင်းပဲ ဖြစ်ပါတယ်။

ချစ်သူတွေအကြားမှာ လေးစားမှုရှိတယ်ဆိုတာ တစ်ယောက်ရဲ့ဘောင်ကို တစ်ယောက် သိရှိလိုက်နာတာ ၊ သင့်ချစ်သူရဲ့ Privacy ကို စဉ်းစားတာ ၊ မကျော်သင့်တဲ့စည်းတွေကို ဘယ်တော့မှ မနင်းအောင် နေတာမျိုးနဲ့ ဖော်ပြနိုင်ပါတယ်။

(၃) ယုံကြည်မှု

ပျော်ရွှင်မျှတတဲ့ လူမှုဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ကိုးစားယုံကြည်မှုကလည်း အရေးပါပါတယ်။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ချန်ထားခဲ့ပြီး တူနှစ်ကိုယ်ဘဝသစ်မှာ အပြန်အလှန်ယုံကြည်မှုနဲ့ ရှေ့ဆက်နိုင်မှပဲ တကယ်အားကောင်းကျန်းမာတဲ့ အချစ်ရေး ဖြစ်မှာပါ။

ဒီလို မဟုတ်ဘဲ သံသယတွေနဲ့ လက်တွဲထားရင် ချည့်နဲ့ ချူချာပြီး ပြဿနာများတဲ့ Relationship ပဲ ဖြစ်လာပါလိမ့်မယ်။

(၄) အပြန်အလှန်ပံ့ပိုးမှု

လက်တွဲထားတဲ့ ရည်ရွယ်ချက်က တစ်ယောက်ကို တစ်ယောက်‌ ဖေးမကူညီသွားကြဖို့ပဲ ဖြစ်ပါတယ်။ စိတ်ပင်ပန်းပြီး လမ်းပျောက်နေတဲ့ ချစ်သူကို စာနာစိတ်နဲ့ အားပေးလမ်းပြတာ ၊ ယုံကြည်ချက်မဲ့နေချိန်မှာ တစ်ဦးတည်းသော ယုံကြည်သူအဖြစ် သူ့ဘက်က ရပ်တည်ပေးတာမျိုးဟာ အကောင်းမွန်ဆုံးသော Support ပေးမှုပါပဲ။

ချစ်ခြင်းမေတ္တာက တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်စေပြီး ပျော်ရွှင်ချမ်းမြေ့ လမ်းမှန်တွေ့စေတယ်လို့ ခံစားစေရင် ဒါဟာ တကယ့်အချစ်စစ်ပါပဲ။ ဒီလို အချစ်မျိုးနဲ့မှပဲ သာယာဖြောင့်ဖြူးတဲ့ အချစ်ခရီးကို အတူဖြတ်ကူးနိုင်မှာ မဟုတ်လား။