အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးရဲ့ ကလေးမွေးဖွားချိန်မှာဖြစ်တတ်တဲ့ စိတ်ခံစားမှုအခြေအနေတွေကို သိရှိနားလည်ထားသင့်ပါတယ်။ ချစ်ဇနီးခံစားနေရတဲ့ ခန္ဓာဒုက္ခတွေကို မျှဝေခံစားပေးလို့မရရင်တောင် စိတ်ဒုက္ခတွေကို မျှဝေခံစားပေးလို့ရနိုင်ပါတယ်။

PPD (Postpartum Depression) မီးနေသည်တို့ ခံစားရတတ်တဲ့စိတ်ရောဂါ

ကလေးမီးဖွားပြီးစ မိခင်တွေဟာ ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတွေကို ဖြစ်ပေါ်ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် ပထမဆုံးကိုယ်ဝန်ဆောင်ပြီး သားဦးမိခင်တွေမှာ ပိုပြီးဖြစ်နိုင်ချေများတာကို တွေ့ရပါတယ်။ မိခင်ဖြစ်ခါစအချိန်မှာ သူမတို့ရဲ့ခန္ဓာကိုယ်မှာလည်း ဟိုမုန်းဒြပ်တွေက တရစပ်ပြောင်းလဲနေတတ်ပါတယ်။

ရောဂါကြီးတစ်ခုလား

အမျိုးသားနဲ့ပတ်ဝန်းကျင်က သေချာဂရုစိုက်မှုတွေမပေးတဲ့အခါမှာ ကလေးမွေးပြီးခါစ မိခင်တွေမှာ (PPD) (Postpartum Depression) လို့ခေါ်တဲ့ စိတ်ဝေဒနာမျိုးကို ခံစားသွားရနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် မီးဖွားပြီးစအချိန်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်တာမို့ ခင်ပွန်းသည်အနေနဲ့ ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။

ရောဂါလက္ခဏာတွေ

(Postpartum Depression) PPD ရဲ့ရောဂါလက္ခဏာတွေက ပုံမှန်မဟုတ်တဲ့ စိတ်ခံစားမှုတွေပဲဖြစ်ပါတယ်။ ဝမ်းနည်းအားငယ်ခြင်း၊ စိတ်ပျက်လက်လျော့လွယ်ခြင်း၊ အရာရာကိုကြောက်လန့်နေတတ်ခြင်း၊ ဒေါသထွက်စိတ်ဆိုးလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်အခြေအနေပြောင်းလဲမြန်ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ ဘယ်လိုအကူအညီတွေပေးသင့်လဲ

ဇနီးမယားက ကိုယ့်အတွက်ရင်သွေးရတနာလေးကို မွေးဖွားပေးချိန်မှာ ဇနီးသည်ရဲ့ဘေးမှာ အမြဲရှိနေသင့်ပါတယ်။ မီးနေသည်တွေမှာဖြစ်တတ်တဲ့ လက္ခဏာတွေကိုလည်း သိရှိပြီးဖြစ်တဲ့အတွက် အစစအရာရာနားလည်ပေးပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးသင့်ပါတယ်။ ဇနီးသည်စိတ်ဆင်းရဲမယ့် ကိစ္စမျိုးတွေကို မပြုမိ၊ မပြောမိအောင်လည်း ရှောင်ကျဉ်သင့်ပါတယ်။