အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်နာတာ၊ ဒူးနာခြင်း၊ တင်ပါးနာကျင်ခြင်းတွေကို ခံစားရတဲ့အခါ အလျင်အမြန်သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းများကို ပြုလုပ်ပေးမယ်ဆိုရင် နာကျင်ခြင်းကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ပါပြီ။

လေ့ကျင့်ခန်း ၁

တင်းနစ်ဘောလုံးတစ်လုံး လိုအပ်ပါမယ်။ ထိုင်ခုံမှာထိုင်နေပြီး ဘောလုံးကို ခြေဖဝါးနဲ့ နင်းထားပါ။ ခြေထောက်အားအသုံးပြုပြီး ဘောလုံးကို ခြေချောင်းတွေဆီတွန်းပို့ပြီး ခြေဖနောင့်ဆီ ဖြည်းညှင်းစွာ တွန်းပို့ပါ။ ဒီလေ့ကျင့်ခန်းကတော့ သင့်အရိုးအဆစ်နဲ့ ကြွက်သားများ နေရာတကျဖြစ်အောင် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း ၂

ခြေဖျားထောက်ပြီး လမ်းလျှောက်မယ်။ ဒီလေ့ကျင့်ခန်းကတော့ သင် အိမ်အလုပ်တွေ လုပ်နေရင်းနဲ့လည်း တစ်ခါတည်း လုပ်လို့ရပါတယ်။ အိမ်ထဲမှာပဲ ခြေဖျားလေးထောက်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပေးပါ။ ဒီလေ့ကျင့်ခန်းကတော့ သင့်ခြေသလုံးကြွက်သားအတွက် အထူးကောင်းမွန်ပါတယ်။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် ရာဘာကြိုး (သို့) သားရေကြိုးလိုအပ်ပါမယ်။ သားရေကြိုးကို စားပွဲခုံအောက်ခြေနဲ့ ချည်ထားလိုက်ပါ။ ဘယ်ခြေထောက်ကို ညာခြေထောက်အောက်မှာ ထားပြီး ကွေးညွှတ်ထားပါ။ ညာခြေထောက်ကတော့ သားရေကြိုးကို လှမ်းဆွဲထားပါ။ အဲ့ဒီနောက်မှာ သားရေကြိုးကို မိမိဘက်ဆွဲယူလိုက်ပြီး ညာခြေထောက်ကိုလည်း အနည်းငယ် ကွေးလိုက်ရပါမယ်။ ခြေထောက်တစ်ဖက်စီအတွက် ၁၀ ကြိမ်၊ ၁၅ ကြိမ်ခန့်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းလေးကတော့ ခြေသလုံးကြွက်သား၊ ပေါင်အတွင်းအပြင်ကြွက်သားများ သန်မာလာအောင် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း ၄

ဒီလေ့ကျင့်ခန်းကိုတော့ ထိုင်လျက်ပြုလုပ်နိုင်သလို၊ ထလျက်သားလည်း ပြုလုပ်နိုင်ပါတယ်။ စလုပ်တော့မယ်ဆိုရင် ခြေထောက်တစ်ဖက်မြှောက်ထားပါ။ အဲ့ဒီနောက်မှာ ခြေထောက်ကို စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်လိုက်ပါ။ ခြေထောက်တစ်ဖက်ချင်းစီအတွက် နာရီလက်တံအဝိုင်းပုံစံ ဆယ်ကြိမ်၊ နာရီလက်တံပြောင်းပြန်ပတ်ပြီး ၁၀ ကြိမ်စီပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ခြေကျင်းဝတ်အားနည်းသူများအတွက် သင့်လျော်ပါတယ်။

လေ့ကျင့်ခန်း ၅

ခုံတစ်ခုံဆွဲယူလိုက်ပြီး ခုံအနောက်မှာ မတ်တပ်ရပ်လိုက်ပါ။ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပါ။ အခြားခြေထောက်တစ်ဖက်ကျတော့ ခြေဖျားထောက်ထားပါ။ ပြီးတဲ့အခါ ဖြည်းဖြည်းချင်းခြေထောက်နှစ်ဖက်စလုံးပြန်ချလိုက်ပါ။ နောက်တစ်ခါ ခြေထောက်ပြောင်းပြီး ဆက်လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ်ခန့်ပြုလုပ်ပေးပါ။ ဒူးခေါင်းတစ်ဝိုက်က ကြွက်သားများနဲ့ ခြေကျင်းဝတ် သန်မာဖို့အတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းလေးပါပဲ။

Source: Brightside.me