အသားအရေကိုဘယ်လောက်ပဲ ဈေးကြီးပစ္စည်းတွေဝယ်ပြီး သုံးပေးနေပေမယ့်လည်း ဒီလိုအရာတွေကိုမဆင်မခြင်တဲ့လုပ်နေသရွေ့တော့ သင့်အသားအရေအတွက် နောင်တရစရာတွေပဲဖြစ်နေမှာပါ။ လှပပြီး ပြီးပြည့်စုံတဲ့အသားအရေမျိုးကို ရရှိဖို့အတွက် ဆင်ခြင်သင့်တာတွေ ပြင်ဆင်သင့်တာလေးတွေကိုလည်း နည်းနည်းတော့ပြင်ဆင်ကြည့်ဖို့လိုပါလိမ့်မယ်။

Sunscreen လိမ်းဖို့ကိုငြင်းပယ်နေတတ်တာ

Sunscreen လိမ်းဖို့ဆိုရင် မလိုလောက်ပါဘူး၊ နေလည်းသိပ်မပူပါဘူး၊ နေပူထဲအရမ်းသွားမှာမှ မဟုတ်တာစတဲ့ဆင်ခြေလေးတွေပေးပြီး Sunscreen လိမ်းဖို့ပျင်းနေတတ်တာမျိုးတွေကို သတိထားပြီးဆင်ခြင်ဖို့လိုအပ်ပါတယ်နော်။ Sunscreen ဆိုတာ အပြင်ထွက်ခါနီးအချိန်တိုင်းမှာ လိမ်းဖို့လိုအပ်ပြီး နေရောင်ခြည်ဒဏ်ကြောင့် နေလောင်ခံရတာတွေနဲ့ အရေပြားရောဂါဖြစ်တာတွေကို ကာကွယ်ထားနိုင်မှာပဲဖြစ်ပါတယ်။

အသီးအရွက်စားဖို့ တွန့်ဆုတ်နေတတ်တာ

အစားစားတဲ့အခါမှာ မျှတအောင်စားပေးတတ်ဖို့က အရေးကြီးလွန်းပါတယ်။ အသားကြီးပဲစားလို့အဆင်မပြေသလို အသီးအရွက်လည်းမေ့ထားလို့ အဆင်မပြေပါဘူး။ အသီးအရွက်မှာပါဝင်နေတဲ့ ဗီတာမင်ဓာတ်တွေကြောင့် သင့်အသားအရေကို ကောင်းမွန်စေနိုင်တာဆိုတော့ အသီးအရွက်စားဖို့ဆိုရင် တွန့်နေတတ်တဲ့သင့်စိတ်လေးကို ပြင်ဆင်ဖို့လိုပြီနော်။

အချိုဓာတ်တွေကိုပဲဝင်အောင်ထည့်နေတာ

လူတိုင်းကတော့ချိုတဲ့အရာမျိုးတွေကို ကြိုက်ကြတာပဲလေ။ ဒါပေမယ့် ချိုတဲ့အရာတွေကိုပဲစားနေတာမျိုးက သင့်အသားအရေကို ခြောက်သွေ့ပြီး ပျက်စီးစေပြီး အရေးအကြောင်းတွေကို မြန်မြန်ဖြစ်လာစေပါတယ်။ ချိုတဲ့အရာမျိုးတွေကို မစားရဘူးလို့တော့မဆိုလိုပါဘူး။ စားတဲ့ပမာဏကို လျော့ချလိုက်ဖို့လိုတာပါနော်။

နေရောင်ထဲမှာကာကွယ်ပြီးသွားတာမျိုးမလုပ်တာ

အပြင်ထွက်ပြီဆိုတာနဲ့ နေရောင်ထဲကိုရောက်ပြီပဲလေ။ နေရောင်ထဲကိုသွားနေပေမယ့်လည်း ထီးဆောင်းတာတို့၊ အသားအရေကိုကာကွယ်တာမျိုးတွေ လုပ်မထားဘူးဆိုရင်လည်း ထိခိုက်မှုတွေဖြစ်လာစေနိုင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ နေရောင်ထဲမှာရှိနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ကင်ဆာဖြစ်နိုင်လောက်တဲ့အထိကို အန္တရာယ်များလွန်းပါတယ်။