Relationship တစ်ခုမှာ ဘယ်သူပဲဖြစ်ဖြစ် အရာရာကို လိုက်ချုပ်ချယ်လွန်းရင်၊ တစ်ခုချင်းစီကြည့်ပြီး လိုက်ပြောလွန်းရင်လည်း ပြဿနာတွေပဲ ထိုင်ရှင်းနေရပါလိမ့်မယ်။ ချစ်ရတဲ့အချိန်ထက် စကားများရန်ဖြစ်ရတဲ့အချိန်တွေပဲ ပိုများလာပါလိမ့်မယ်။ ဘယ်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်နေပါစေ ချုပ်ချယ်တာတွေက အတိုင်းအတာတစ်ခုထိပဲ လက်ခံနိုင်ကြပါလိမ့်မယ်။ အရမ်းချုပ်ချယ်ပြီး ပြောလွန်းရင်တော့ ကြာလာတဲ့အခါ မွန်းကျပ်ပြီး ငြီးငွေ့စရာကောင်းတဲ့ RS တစ်ခုလို မြင်လာနိုင်ပါတယ်။

အထူးသဖြင့် ယောင်္ကျားလေးတွေက သူတို့ကိုချုပ်ချယ်တာမကြိုက်ပါဘူး။ မိန်းကလေးတွေကလည်း ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရာကိုချုပ်ချယ်ချင်တယ်၊ မကြိုက်ရင် မလုပ်နဲ့ဆိုတဲ့စကားနဲ့ အရာရာကို ထိန်းချုပ်လာကြပါတယ်။ ဒီတော့ ပေးမလုပ်ရင်၊ ချုပ်ချယ်ရင် ခိုးလုပ်ကြတယ်။ ပြန်သိတဲ့အခါမှာ ပြဿနာတွေတက်၊ ရန်ဖြစ်ရပါတယ်။ ကြာလာတဲ့အခါမှာလည်း တစ်ဖက်လူအတွက် မွန်းကျပ်စရာဖြစ်လာသလို၊ ကိုယ့်အတွက်လည်း စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေရပါတယ်။ ဒီတော့ ကိုယ့်ကို အမှန်တိုင်းပြောပြီးလုပ်တာနဲ့ မပြောပဲခိုးလုပ်ပြီးမှ ပြန်သိရတာ ဘယ်ဟာပိုကောင်းလဲ စဉ်းစားပါ။

ဒါကြောင့် တော်ရုံတန်ရုံဆို သိပ်မပြောပါနဲ့။ မိန်းကလေးကိစ္စကလွဲရင် ကျန်တာတွေကို ခွင့်ပြုပေးလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် ညှိုယူပါ။ အရာရာလိုက်မပြောတော့ပဲ လွတ်လပ်ခွင့်ပေးထားရင် ကိုယ်တောင်မေးစရာမလိုပဲ သူလုပ်မယ့်အရာတွေကို ပြောပြလာမယ်၊ ခွင့်တောင်းလာပါလိမ့်မယ်။ ကိုယ့်ကိုနားလည်ပေးထားပါလားဆိုတဲ့စိတ်နဲ့ သူ့ဘာသာသူဆင်ခြင်လာပါလိမ့်မယ်။ ခွင့်တောင်းလည်း ပေးမလုပ်ပဲချုပ်ချယ်နေရင်တော့ မပြောတော့ပဲခိုးလုပ်တာမျိုးတွေ ရှိလာမှာပါပဲ။

ယောင်္ကျားလေးတွေဆိုလည်း ကိုယ့်ကောင်မလေးကို သဝန်တိုတယ်၊ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဟိုလူနဲ့မတွေ့နဲ့၊ ဟိုမသွားနဲ့ ဒီမသွားနဲ့၊ ဘယ်လိုတွေမဝတ်နဲ့ဆိုပြီး လိုက်ချုပ်ချယ်တာတွေ ရှိပါတယ်။ တစ်ခါတစ်လေဆိုရင်တော့ မိန်းကလေးတွေဘက်ကလည်း ကိုယ့်ကိုချစ်လို့ပြောတာပဲဆိုတဲ့အတွေးနဲ့ မလုပ်ပဲနေကြပေမယ့် ကြာလာရင်တော့ စိတ်ညစ်လာမှာပါပဲ။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အရမ်းမချုပ်ချယ်ကြပါနဲ့။ မိန်းကလေးကိစ္စ၊ ယောင်္ကျားလေးကိစ္စတွေကလွဲရင် ကျန်တာကို နားလည်ပေးလိုက်ပါ။ အရာရာကိုလည်း တစ်ခုချင်းစီ သေးသေးလေးကအစ လိုက်ကြည့်ပြီး ပြောဆိုနေတာ၊ ရစ်နေတာမျိုးမလုပ်ပဲ တစ်ခါတစ်လေတော့ လွှတ်ထားပေးကြည့်ပါ။ စကားများရန်ဖြစ်ရတာတွေ လျော့လာပြီး အဆင်ပြေတဲ့အချိန်တွေ ပိုများလာပါလိမ့်မယ်။

photo source: www.freepik.com