ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ် အလှအပအတွက်ဘဲဖြစ်ဖြစ် ယောဂကျင့်ကြတဲ့အခါ အများကထင်တာက နေရာကျယ်ကျယ်ရှိမှဖြစ်မယ်လို့ပါ။ နေရာမရှိလို့ လေ့ကျင့်ခန်းလုပ်လို့အဆင်မပြေဘူးလို့တော့ ပြောလို့မရပါဘူး။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ဖို့ဆို တိုက်ခန်းကျဉ်းကျဉ်းလေး၊ မီးဖိုချောင် နေရာကျဉ်းကျဉ်းလေးထဲမှာ ယောဂကျင့်ဖို့အတွက် ဖျာတချပ်ရှိရုံနဲ့တင် လုပ်လို့ရပါတယ်။

ဒီလိုကျဥ်းတဲ့နေရာမျိုးမှာ ယောဂကျင့်တော့မယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို သတိထားဖို့တော့လိုပါတယ်နော်။

နေရာလွတ်ရှာပါ

တကယ်လို့‌ လေ့ကျင့်ခန်းလုပ်ဖို့နေရာမရှိဖြစ်နေရင် ရွေ့လို့ရတဲ့ပစ္စည်းတွေကို တစ်နေရာမှာစုပြီး နေရာလွတ်ဖန်တီးလိုက်ပါ။

သန့်ရှင်းအောင်ထားပါ

ရှုပ်ပွနေတဲ့နေရာတွေက ယောဂကျင့်တဲ့အခါ လေ့ကျင့်မှုရဲ့စွမ်းအားကို နှောင့်ယှက်နိုင်ပြီး အာရုံစိုက်ဖို့အတွက်လည်း ခက်ခဲစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမစခင် အချိန်နည်းနည်းလောက်ပေးပြီး နေရာကို သန့်ရှင်းအောင်လုပ်ပေးပါ။

တိတ်ဆိတ်မှုကိုရှာပါ

ကျဉ်းကျပ်တဲ့ နေရာတစ်ခုမှာ လေ့ကျင့်တဲ့အခါ  အထူးသဖြင့် ပိတ်ဖို့ တံခါးမရှိရင် တခြားသူတွေ သွားလာနေတဲ့ အသံတွေက အာရုံပျံ့လွင့်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်တဲ့အချိန်မှာ နားကြပ်တပ်ပြီးတော့ဘဲဖြစ်ဖြစ် လေ့ကျင့်ပါ။

ထိုင်ခုံယောဂစမ်းကြည့်ပါ

ကိုယ်ဟန်ပြမှုအပြည့်နဲ့ ယောဂကျင့်ဖို့ နေရာအလုံအလောက်မရှိရင် ထိုင်ခုံပေါ်မှာ လေ့ကျင့်ဖို့ ရွေးချယ်နိုင်ပါတယ်။ ကုလားထိုင် ဒါမှမဟုတ် ပရိဘောဂတွေကို ရွှေ့ဖို့အဆင်မပြေဘူးဆိုရင်တော့ ထိုင်ခုံ သို့မဟုတ် ဆိုဖာအစွန်းကိုလည်း အသုံးပြုလို့ရပါသေးတယ်။

လုပ်ဖြစ်အောင်လုပ်ပါ

စတူဒီယိုမှာလေ့ကျင့်မှကောင်းတယ် အိမ်မှာလုပ်ရတာအဆင်မပြေဘူးဆိုတာထက် အရေးကြီးဆုံးက သင်ကိုယ်တိုင် အချိန်ပေးပြီး ယောဂလေ့ကျင့်ဖို့ပါပဲ။ နေရာကျဉ်းကျဉ်းလေးမှာတောင် အလေ့အကျင့်ကြောင့် လုပ်ရတာ အဆင်ပြေနေမှာပါ။