မျက်နှာသစ်ဖို့ဆိုတာ ငယ်တုန်းအချိန်မှာထဲက အကျင့်ဖြစ်လာတဲ့လုပ်ငန်းတစ်ခုပေါ့။ အရွယ်ရောက်လာတဲ့အချိန်မှာ မျက်နှာကိုသေချာသန့်စင်ဖို့ဆိုတာ အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာလေးကိုပိုပြီးတော့ ပြည့်စုံတဲ့အလှအပမျိုးဖြစ်အောင် မိတ်ကပ်တွေလိမ်းခြယ်ကြတယ်။ အပြင်တွေကိုသွားတဲ့အခါမှာလည်း လေဒဏ်တွေနဲ့ ဖုန်တွေကြောင့် မျက်နှာအရေပြားမှာအညစ်အကြေးတွေလည်း ကပ်ပါလာတော့တာပေါ့။ ဒီလိုအချိန်မှာ မျက်နှာကိုသေချာသန့်စင်ပေးနိုင်ဖို့က အရမ်းကိုအရေးကြီးလာပြီ။ မျက်နှာကို ပုံမှန်ဂရုစိုက်ပြီး မသစ်ပေးတဲ့အခါမှာ ဖြစ်လာမယ့်ပြဿနာတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာကိုတစ်ရက်မသစ်ပဲအိပ်လိုက်တဲ့အခါမှာတော့ အရင်ရက်တွေနဲ့သိပ်ပြီးကွာခြားတဲ့ ခံစားမှုမျိုးတွေကိုတော့ ခံစားရအုန်းမှာမဟုတ်ပါဘူး။

နှစ်ရက် သုံးရက်လောက်ကြာလာတဲ့အခါမှာတော့ မျက်နှာကိုအစပျိုးလာတဲ့ ဝက်ခြံတွေကိုမြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ မျက်နှာအရေပြားပေါ်မှာ ဘက်တီရီးယားတွေမရှိနေမှ ဝက်ခြံတွေကိုလည်း သက်သာစေမှာဖြစ်တဲ့အတွက် မျက်နှာကိုသေချာမသစ်ပေးနေသရွေ့တော့ ဝက်ခြံတွေဆိုတာရှိနေမှာပါပဲ။

အသားအရေတွေ ခြောက်သွေ့လာတာကိုကြုံတွေ့လာရမယ်။ မျက်နှာကိုသေချာမသန့်စင်ပေးတော့တဲ့အချိန်မှာ အရေပြားတွေကခြောက်သွေ့ပြီး စိုစိုပြေပြေမရှိတော့တာမျိုးတွေကို သင်ကြုံတွေ့လာရမှာပါ။

အဲဒါတွေထက်ပိုပြီး တစ်ဆင့်တိုးလာတဲ့အခါမှာတော့ သင့်မျက်နှာမှာအရင်ကမဖြစ်ဘူးတဲ့ အဆီပြန်တာတွေကိုခံစားလာရပြီး အဲဒီအဆီတွေကြောင့် မျက်နှာအသားအရေက တော်တော်လေးကိုပျက်စီးလာတာကို ခံစားရမှာပဲဖြစ်ပါတယ်။

ပျိုမေတို့ရေ မျက်နှာသစ်ပေးတယ်ဆိုတာ အချိန်အများကြီးပေးရတာမျိုးမဟုတ်တဲ့အပြင် ကိုယ့်မျက်နှာအသားအရေကိုလည်း ကောင်းမွန်စေမယ့်အလားအလာတွေရှိနေတဲ့အတွက်ကြောင့် မေ့လျော့ထားလို့တော့မရဘူးလေနော်။ မျက်နှာအသားအရေလေးကောင်းမွန်နေအောင် သေချာသန့်စင်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဂရုတစိုက်လေးလုပ်ပြီး နေထိုင်မယ်ဆိုရင်တော့ ကြည်လင်လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။

Photo Source: Shutterstock