ညဘက်တွေမှာ တော်ရုံနဲ့အိပ်မရဘူး၊ ကောင်းကောင်းအိပ်မပျော်နိုင်ဘူးဆိုပြီး ဖြစ်နေတဲ့သူတွေက ကိုယ့်ရဲ့ lifestyle ကို ပြောင်းလဲကြည့်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဒီလိုပဲအိပ်မပျော်တာကြီးက အကျင့်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်နိုင်ဖြစ်နေတဲ့သူတွေအတွက် lifestyle ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

စောစောအိပ်ကြည့်ပါ

အိပ်ပျော်သည်ဖြစ်စေ၊ အိပ်မပျော်သည်ဖြစ်စေ စောစောအိပ်ယာဝင်ပြီး ကြိုးစားအိပ်ကြည့်ပါ။ တစ်ပတ်လောက်ကတော့ ခက်ခဲနေမှာဖြစ်ပေမယ့် တစ်ဖြေးဖြေးနဲ့ အကျင့်ဖြစ်လာပါလိမ့်မယ်။ ၁၀ နာရီလောက်ဆို အိပ်ယာဝင်တာတော့ အကောင်းဆုံးပါပဲ။ စောစောအိပ်ပြီး စောစောထမှ နောက်နေ့ညရောက်ရင်လည်း စောစောအိပ်ချင်နေမှာပါ။

Screen time လျှော့ပါ

၁၀ နာရီမှာအိပ်ယာဝင်မယ်ဆိုရင် ၈ နာရီကစပြီး screen time ကို အနားပေးလိုက်ပါ။ ဖုန်း၊ ကွန်ပြူတာ၊ တီဗီ ဘာမှမကြည့်ပါနဲ့တော့။ အဲ့တာတွေကြည့်နေရင် တော်ရုံနဲ့အိပ်မပျော်ပါဘူး။ lifestyle ပြောင်းဖို့အတွက် ဒီအချက်က အရေးကြီးပါတယ်။

တရားထိုင်၊ ယောဂကျင့်ပါ

အိပ်ခါနီး ၂ နာရီအလိုမှာ screen time ကို အနားပေးလိုက်တဲ့အတွက် အချိန်တွေပိုနေပါတယ်။ ဒီအချိန်မှာ တရားထိုင်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ အားလုံးလျော့ကျသွားပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

Herbal tea သောက်ပါ

တရားထိုင်၊ ယောဂကျင့်ပြီးရင် herbal tea တစ်ခွက်သောက်ပေးပါ။ နေလို့ကောင်းပြီး ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

စာအုပ်ဖတ်ပါ

အပေါ်ကအချက်တွေ အားလုံးလုပ်ပြီးတာတောင်မှ အချိန်ပိုနေသေးတယ်၊ သိပ်မအိပ်ချင်သေးဘူးဆိုရင် အိပ်ယာထဲမှာ စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်ရင်းနဲ့ မျက်စိညောင်းပြီး အိပ်ချင်လာပါလိမ့်မယ်။

အိပ်ခန်းနဲ့အိပ်ယာကိုသန့်ရှင်းအောင်ထားပါ

ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ကိုယ့်အိပ်ခန်းနဲ့ အိပ်ယာကို သန့်ရှင်းသပ်ရပ်အောင် ထားဖို့လိုပါတယ်။ မဟုတ်ရင် အနံ့အသက်တွေ၊ ရှုပ်ပွပြီးစိတ်ရှုပ်စရာတွေ၊ မသန့်ရှင်းလို့ ယားယံတာတွေဖြစ်ပြီး ကောင်းကောင်းအိပ်မရဖြစ်ပါတယ်။

Caffeine လျှော့ပါ

ညနေဘက်၊ ညဘက်မှာ ကော်ဖီသောက်တာက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် lifestyle ပြောင်းလဲရမယ့်ထဲမှာ caffeine လျှော့ဖို့ကလည်း အရေးကြီးပါတယ်။

အချိန်နဲ့စားသောက်ပါ

အစားအသောက်ကို အချိန်နဲ့မစားပဲ အရမ်းနောက်ကျမှစားသောက်ရင် အစာမကြေဖြစ်ပြီး တော်ရုံနဲ့အိပ်မရပါဘူး။ အစောကြီးစားမိပြန်ရင်လည်း အိပ်နေချိန်မှာ ဗိုက်ပြန်ဆာလာလို့ အိပ်မရပြန်ပါဘူး။ ဒါကြောင့် အစားအသောက်ကို အချိန်နဲ့စားဖို့၊ အာဟာရရှိတာတွေ သေချာစားသောက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။