Relationship တစ်ခုမှာ ချုပ်ချယ်တာက လုံးဝမကောင်းပါဘူး။ ချုပ်ချယ်လွန်းရင် ရေရှည်အဆင်မပြေနိုင်ပါဘူး။ နားလည်သင့်တာ နားလည်ပေးပြီး လွတ်လပ်ခွင့်ပေးထားပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်ပေးနေရင် ပိုကောင်းပါတယ်။ အဲ့လိုမဟုတ်ပဲ ချုပ်ချယ်လွန်းတဲ့အခါမှာတော့ ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။

ခဏခဏရန်ဖြစ်စကားများရခြင်း

ချုပ်ချယ်တာက စတွဲခါစမှာတော့ လိုက်လျောပေးမယ်၊ စကားနားထောင်မယ်၊ အလိုလိုက်အကြိုက်ဆောင်ပါမယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ချုပ်ချယ်တာတွေများလာရင် တစ်ဖက်ကလည်း မကြိုက်တော့ပဲ ရန်ဖြစ်စကားများကြရပါမယ်။ ခဏခဏရန်ဖြစ်စကားများနေလို့လည်း နှစ်ယောက်လုံး စိတ်ညစ်ရတာပဲ ရှိမှာပါ။

မွန်းကြပ်လာခြင်း

ခဏခဏ အရာရာတိုင်းကို ချုပ်ချယ်ခံရတဲ့အခါမှာ မွန်းကြပ်လာပါလိမ့်မယ်။ လွတ်လပ်ခွင့်တွေပျောက်ဆုံးလာသလို ခံစားရပြီး ကိုယ့်အနားမှာ မနေချင်တော့တာမျိုး၊ စိတ်ဆိုးလည်း ပြန်မချော့တော့ပဲ ပစ်ထားပြီး သူလုပ်ချင်တာလုပ်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တချို့ စိတ်ရှုပ်မခံနိုင်တဲ့သူတွေဆိုရင် ကိုယ့်ဆီကနေတောင် ထွက်သွားနိုင်ပါတယ်။

စိတ်ဖိစီးပြီးပူလောင်ရခြင်း

ချုပ်ချယ်ခံရတဲ့သူပဲ မွန်းကြပ်ပြီး စိတ်ညစ်ရတာမဟုတ်ပါဘူး။ ချုပ်ချယ်တဲ့သူကလည်း ကိုယ်လိုချင်သလို ဖြစ်မလာတဲ့အခါ ကိုယ်ပဲ အရင်ဆုံး စိတ်ညစ်ရတယ်၊ ကိုယ်ပဲပူလောင်ရတယ်၊ စိတ်ဖိစီးပြီး ခံစားရပါတယ်။ ဒါကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာတာမျိုးမလုပ်ပဲ တတ်နိုင်သလောက် လွှတ်ထားပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။

လိမ်ညာတာတွေဖြစ်လာခြင်း

ကိုယ်လုပ်ချင်တာမလုပ်ရပဲ ချုပ်ချယ်ခံရတဲ့အခါမှာ အမှန်အတိုင်းပြောရင်လည်း ခွင့်မပြုဘူး၊ စိတ်ဆိုးတာခံရမယ်ဆိုပြီး လိမ်သွားတာမျိုး၊ လိမ်ညာတာမျိုးတွေ လုပ်လာပါလိမ့်မယ်။ နောက်ပိုင်း အမှန်အတိုင်းမပြောတော့ပဲ လုပ်ချင်တာရှိရင် လိမ်ညာတာမျိုးတွေ ဖြစ်လာတော့တာပါပဲ။

လမ်းခွဲရခြင်း

ချုပ်ချယ်တာကလည်း ဘာမှမဟုတ်ဘူးထင်ရပေမယ့် Toxic ဖြစ်လာပြီး ပြဿနာကြီးသွားနိုင်တဲ့ အရာတစ်ခုပါ။ အပေါ်မှာပြောခဲ့သလို ခဏခဏရန်ဖြစ်စကားများတာတွေ ခဏခဏဖြစ်လာတာ၊ မွန်းကြပ်လာတာ၊ လိမ်ညာတာတွေကို ပြန်သိပြီး ရန်ဖြစ်ကြရတာတွေကြောင့် ကြာလာတဲ့အခါမှာ ဒီဒဏ်တွေကို မခံနိုင်တော့ပဲ လမ်းခွဲရတဲ့အထိကို ဖြစ်လာနိုင်ပါတယ်။