တချို့ကျတော့ ရည်းစားထားတာထက် Single အဖြစ်နဲ့ တစ်ယောက်ထဲနေတာနဲ့ ပိုသင့်တော်တဲ့သူတွေ ရှိပါတယ်။ တကယ်လို့ သင်ဟာဒီလိုလူမျိုးဆိုရင် ရည်းစားမထားပဲ Single အဖြစ်နဲ့နေတာက စိတ်ချမ်းမှုပိုရပါလိမ့်မယ်။

သည်းခံချင်စိတ်မရှိတဲ့လူ

တစ်ခုခုဆိုရင် သည်းခံတတ်တဲ့စိတ်မရှိပဲ သေးသေးလေးကအစ အပြစ်မြင်ပြီး ပြဿနာရှာတတ်တဲ့သူတွေက ရည်းစားထားရင်လည်း ဒီလိုအကျင့်တွေကြောင့်ပဲ ခဏခဏ ရန်ဖြစ်စကားများရမယ်။ သည်းခံချင်စိတ်မရှိတဲ့လူက ကိုယ့်အကျင့်ကို မပြင်နိုင်ရင် အဆင်မပြေဖြစ်ပြီး ပျော်ရတဲ့အချိန်ထက် ပြဿနာတွေဖြေရှင်းပြီး ရန်ဖြစ်ရတဲ့အချိန်တွေက ပိုများလာမှာပါ။ ဒါကြောင့် သည်းခံချင်စိတ်မရှိရင် တစ်ယောက်ထဲနေတာက ပိုစိတ်ချမ်းသာရပါလိမ့်မယ်။

စိတ်ရှုပ်မခံနိုင်တဲ့လူ

စိတ်ရှုပ်မခံနိုင်တဲ့သူက Relationship နဲ့ပတ်သက်ပြီး စိတ်ရှုပ်လာရင် ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပါဘူး။ ကိုယ့်ရည်းစားအပေါ်မှာလည်း အမှားတွေလုပ်မိတတ်သလို ကိုယ်တိုင်လည်း စိတ်ရှုပ်၊ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် တစ်ယောက်ထဲအေးဆေးနေတာက ကိုယ့်အတွက် ပိုကောင်းပါလိမ့်မယ်။

အယုံအကြည်မရှိတဲ့လူ

လူတွေကို အယုံအကြည်မရှိတဲ့လူ၊ အချစ်ကို အယုံအကြည်မရှိတော့တဲ့လူတွေက တစ်ယောက်ထဲအေးဆေးနေပြီး စိတ်ပြောင်းလဲလာပြီဆိုမှသာ ရည်းစားထားသင့်ပါတယ်။ ရည်းစားထားပြီး အယုံအကြည်ကင်းမဲ့နေရင် နေ့စဉ်နေ့တိုင်း သံသယတွေနဲ့ ကိုယ်တိုင်ပဲ စိတ်ဖိစီးမှုတွေ များရပါတယ်။ တစ်ဖက်လူအတွက်လည်း မကောင်းပါဘူး။

အပူအပင်ကင်းတာပဲလိုချင်တဲ့လူ

တချို့ကျတော့ ရည်းစားတော့ထားချင်တယ်၊ ဒါပေမယ့် အပူအပင်ကင်းတာပဲ လိုချင်တယ်၊ စိတ်ရှုပ်မခံနိုင်ဘူး၊ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်ဆိုတာမျိုး ရှိပါတယ်။ ဒီလိုစိတ်ရှိတယ်ဆိုရင် ရည်းစားထားတဲ့အခါ အဆင်မပြေပါဘူး။ ရည်းစားထားရင် အနည်းနဲ့အများတော့ ချုပ်ချယ်ခံရတာ၊ ရစ်ခံရတာ၊ ပြဿနာတက်တာတွေက ရှိမှာပါပဲ။

အချစ်ကိုအရမ်းကြောက်နေတဲ့လူ

တချို့ကျတော့ အတိတ်က Trauma ကြောင့် ထပ်ချစ်ရာမှာကို ကြောက်သွားတာ၊ အချစ်ကို ကြောက်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီလိုလူတွေကျတော့ ကိုယ့်စိတ်ဒဏ်ရာကို အရင်ကုစားပြီး အဆင်ပြေပြီဆိုမှသာ Relationship ထဲ ပြန်ဝင်သင့်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်ပဲ စိတ်ပင်ပန်းပြီး နာကျင်ရနိုင်ပါတယ်။