သင်က ညဘက်အချိန်ရောက်ရင် ကောင်းကောင်း အနားယူသင့်ပါတယ်။ လက်ရှိအချိန်မှာ ဘယ်လောက်ထိပဲ စိတ်ဖိစီးမှု များနေပါစေ ညဘက်မှာတော့ သေချာအနားယူသင့်ပါတယ်။ ဒီလိုမှ Beauty Sleep ကို ရမယ့်အပြင် စိတ်ဖိစီးမှုတွေ လျော့ကာ သင့်တစ်နေ့တာလုံးစာ အကျိုးရှိပါလိမ့်မယ်။ ဒီတော့ ညဘက် ဖုန်းသုံးမယ့်အစား လုပ်သင့်တဲ့ Night Time Routine တွေကို ကြည့်လိုက်ရအောင်နော်-

၁။ အဆက်အသွယ်ဖြတ်ပါ

အထူးသဖြင့် လေလှိုင်းကတဆင့် ဆက်သွယ်ရတဲ့ ဖုန်းကို ပိတ်တာမျိုး လုပ်သင့်ပါတယ်။ သင်အိပ်မယ့်အချိန်ရဲ့ တစ်နာရီစာ ဒါမှမဟုတ် နာရီဝက်လောက် ခွာပြီး ဖုန်းပိတ်လိုက်သင့်ပါတယ်။ ဒီလိုဆိုရင် ညဘက် စိတ်ရှုပ်စရာတွေ ပေါ်လာတော့မှာ မဟုတ်ပါဘူး။

၂။ ရေချိုးပါ၊ Skincare လုပ်ပါ

တချို့တွေဆိုရင် ညအိပ်ခါနီးမှ ရေချိုးတတ်ကြပါတယ်။ ညဘက်အိပ်ခါနီးမှာ မျက်နှာသစ်ပေးမယ်ဆိုရင် မျက်နှာအသားအရေ ပေါ့ပေါ့ပါးပါးလေးနဲ့ အိပ်ရာဝင်နိုင်ပြီး အသားအရေ ပိုကောင်းစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်တစ်ကိုယ်လုံးစာ ပေါ့ပါးနေပါလိမ့်မယ်။ ဒီလိုပဲ Skincare သေချာ လုပ်ပေးဖို့လည်း မမေ့လျော့သင့်ပါဘူး။

၃။ လက်ဖက်ရည် သောက်ပါ

ညဘက် ကော်ဖီမဟုတ်ဘဲ Herbal Tea ဒါမှမဟုတ် ရိုးရိုး လက်ဖက်ရည် ရေနွေးကို သောက်ပေးမယ်ဆိုရင် သင် ညဘက်အိပ်တဲ့အချိန် ပိုအိပ်လို့ ကောင်းနေပါလိမ့်မယ်။

၄။ Journal ရေးပါ၊ ကျေးဇူးတင်ကြောင်း ရေးပါ

သင့်တစ်နေ့တာစာမှာ ရခဲ့တဲ့၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေ၊ အဖြစ်အပျက်တွေကို စာအုပ်ထဲ Journaling လုပ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကို နာကျင်စေတဲ့ သူ၊ ပျော်စေတဲ့ သူ အားလုံးက ကျေးဇူးတင်စရာ လူတွေချည်းပါပဲ။ ဒီအရာတွေကို ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုသင့်ပါတယ်။

၅။ သွားတိုက်ပါ

သွားကျန်းမာရေးကောင်းဖို့က လူတစ်ယောက်အတွက် အရေးပါ ပါတယ်။ တစ်နေ့မှာ မနက်နဲ့ ည နှစ်ခါ ပုံမှန် သွားတိုက်ပေးမှ သွားကျန်းမာမှာပါ။

၆။ အေးအေးဆေးဆေး နေတဲ့အချိန်

ဒီလို အေးအေးဆေးဆေး နေတဲ့အချိန်မှာ လုပ်နိုင်မယ့် ဥပမာ နည်းလမ်းအချို့ကတော့- စာဖတ်တာ၊ ယောဂကျင့်တာ၊ အကြောလျှော့တာ တို့ပါ။ ညဘက် တိတ်ဆိတ်တဲ့အချိန် ဒီအလေ့အကျင့်တွေက သင့်အတွက် အထောက်အပံ့ဖြစ်ပါတယ်။

၇။ သမုဒ္ဒရာသံ ဖွင့်ပါ

အထူးသဖြင့် အသံတွေထဲမှာ သမုဒ္ဒရာသံ က သင့်အတွက် အမောပြေစေပြီး စောစော အိပ်ပျော်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။ ဒီတော့ နားမထောင်ဖူးရင် အိပ်ခါနီး စမ်းပြီး နားထောင်ကြည့်ပါ။

၈။ မီးပိတ်ပါ

ညဘက် မီးဖွင့်အိပ်တဲ့သူတွေက မီးပိတ်အိပ်တဲ့သူတွေထက် အိပ်ပျော်ဖို့ ပိုအချိန်ယူရတတ်ပါတယ်။ ညဘက် မီးအလင်း နည်းတဲ့အခါ စောစော ပိုအိပ်ပျော်စေနိုင်ပါတယ်။

၉။ အသက်ရှူ လေ့ကျင့်ခန်း

အိပ်မပျော်တဲ့သူတွေအနေနဲ့ အထူးသဖြင့် အသက်ရှူ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးသင့်ပါတယ်။ ဒီလို တရားထိုင်တာ၊ အသက်ရှူတာကို အာရုံစိုက်တာတို့က သင့် တစ်ကိုယ်လုံးကို ငြိမ်းချမ်းစေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar