စိတ်ထိခိုက်လွယ်သူတွေ ဒီအကြောင်းအရာကို အထူးဖတ်သင့်ပါတယ်။ လူတစ်ယောက်ကို အပြစ်တင် ကဲ့ရဲ့ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ အပြောခံရတဲ့ သူအတွက်တော့ ရလိုက်တဲ့ နာကျင်မှုကဆိုးဝါးလှပါတယ်။ အထူးသဖြင့် သင်ဟာ စိတ်ထိခိုက်လွယ်လွန်းသူဆိုရင် ပိုခံစားရပါတယ်။

စိတ်ထိခိုက်လွယ်သူတွေဟာ အပြောခံရတာကို မုန်းတီးသလို သူတို့ကို ပြောလိုက်တဲ့စကားကို စိတ်ထဲထည့်ပြီး အချိန်ကြာကြာ ပြန်တွေးရင်း ခံစားတတ်ပါတယ်။ ဒါဟာ သင့်အတွက် မကောင်းပါဘူး။

ဒီတော့ သင်အပြောခံရတဲ့အချိန် ဝေဖန်ခံရတဲ့အချိန် ဖြစ်လာတဲ့နာကျင်မှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းဗျူဟာတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဝေဖန်စကားက အပြုသဘောလား အပျက်သဘောလား သုံးသပ်ပါ

Source: wallup.net

တစ်ခါတလေ ဝေဖန်သူက သင့်ကို ပိုတော်စေချင်လို့ အပြစ်တင်တာမျိုးရှိတတ်ပါတယ်။ ဒါကတော့ အပြုသဘောပါ။ အပျက်သဘောဆိုတာကတော့ သင့်ရဲ့အားနည်းချက်ကို ထိုးနှက်ပြောဆိုတာပါ။ ဒီတော့ အပြုသဘောနဲ့ ကဲ့ရဲ့တာဆိုရင် ဒီစကားထဲကနေ ကိုယ့်ကိုကိုယ် ဘယ်လိုပြန်ပြင်မလဲ စဉ်းစားပါ။ အပျက်သဘောဆိုရင်တော့ ခေါက်ထားလိုက်ပါတော့။

၂။ ချက်ချင်းပြန်ပြီး မတုံ့ပြန်ပါနဲ့

Source: Tiny Buddha

အပြောခံရတဲ့အချိန် စိတ်ထိခိုက်လွယ်သူတွေမှာ ဖြစ်လာတဲ့ခံစားချက်တွေက ရှက်တာ၊ ဒေါသထွက်တာစတာတွေဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန် ချက်ချင်း ခွန်းတုံ့မပြန်ပါနဲ့။ တစ်ခါတရံ ပြန်ပြောလိုက်ပြီးမှ စကားကလွန်ပြီး နောင်တရနေတာတွေရှိတတ်ပါတယ်။ ဒီတော့ ကဲ့ရဲ့ခံရတဲ့အချိန် ခြေတစ်လှမ်းဆုတ်လိုက်ပါ။ ဘာမှမလုပ်ပါနဲ့။ စိတ်ပြန်ငြိမ်သွားတဲ့အချိန်ထိ စောင့်ပြီးမှ ဖြေရှင်းပါ။

၃။ အဖြူအမည်းတွေးတောခြင်းကို ရှောင်ပါ

Source: The Emotion Machine

အဖြူအမည်းတွေးတောခြင်းဆိုတာကတော့ စိတ်ထိခိုက်လွယ်သူမှာဖြစ်တတ်တဲ့အတွေးပါ။  ပျော်တဲ့အချိန်မှာ သူတို့ကိုယ်သူတို့ အအောင်မြင်ဆုံးလူလို့တွေးတတ်ပါတယ်။ စိတ်ညစ်တဲ့အချိန်မှာတော့ သူတို့ဟာ တစ်လောကလုံးမှာ အညံ့ဆုံးအတုံးဆုံးလူတွေ ဖြစ်သွားရပြန်ပါတယ်။ ဒီလိုစိတ်တက်လိုက်ကျလိုက်ခံစားချက်မျိုးကို ရှောင်ပါ။ သင်က တစ်ကမ္ဘာလုံးမှာ အဆိုးဆုံးလူတော့မဖြစ်သေးပါဘူး။ သင့်ထက်ဘဝအခြေအနေ ဆိုးတဲ့လူတွေရှိပါသေးတယ်။

၄။ မေးခွန်းမေးပါ

Source: Bustle

သင့်ကို ကိစ္စတစ်ခုမှာ ညံ့တယ် မကျွမ်းကျင်ဘူးလို့ပြောတဲ့အချိန် မေးခွန်းမေးပါ။ ဘယ်နားကိုယ် အဆင်မပြေတာလဲ။ ဘယ်နားကိုယ်လိုအပ်တာလဲ။ ဘာကိုဝေဖန်ချင်တာလဲ စတာတွေကိုရှင်းလင်းအောင်မေးပါ။ ဒီလိုလုပ်တာက ဝေဖန်တဲ့လူကော သင့်အတွက်ကော စိတ်ရှင်းသွားစေပါတယ်။

၅။ ကဲ့ရဲ့စကားထဲက အမှန်တရားကိုရှာဖွေပါ

Source: weheartit.com

ဝေဖန်စကားတိုင်းမှာ အမှန်တရားတစ်ခုတော့ရှိပါတယ်တဲ့။ သင့်ကို ညံ့တယ်လို့ပြောတာနဲ့ပဲ သင်က တစ်သက်လုံး ညံ့တဲ့လူမဖြစ်သွားပါဘူး။ ဝေဖန်စကားကို သင်ဘယ်လိုသဘောထားလဲဆိုတဲ့အပေါ်ပဲမူတည်ပါတယ်။ ဒီကနေ သင့်ကိုယ်သင်တိုးတက်ဖို့ အတွေ့အကြုံတစ်ခုအနေနဲ့ တွေးလိုက်ပါ။

၆။ ဖြစ်လာတဲ့ကိစ္စနဲ့ သင့်ခံစားချက်ကို ခွဲခြားပါ

Source: columbian.gwu.edu

သင်ခံစားသမျှကို မယုံလိုက်ပါနဲ့။ ခံစားချက်ဆိုတာ ဖြစ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ ခံစားချက်ဆိုတာ ခံစားချက်သက်သက်ပါပဲ။ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။ အတိတ်က သင့်အမှားတွေ အတွေ့အကြုံတွေက ကျန်ခဲ့ပါပြီ။ အတိတ်က ကျရှုံးမှုနဲ့ လက်တွေ့ဟာပတ်သက်မှုမရှိပါဘူး။ သင်အပြောခံရတဲ့အချိန်မှာ အရင်က သင်နဲ့မနှိုင်းယှဉ်ပါနဲ့တော့။ လက်တွေ့အချိန်ကိုပဲဖြေရှင်းပါ။

၇။ သင့်အတွက် ကောင်းမွန်တဲ့အရာတစ်ခုပြုလုပ်ပါ

Source: Beating Binge Eating

ဝေဖန်ခံရတာ ကဲ့ရဲ့ခံရတာက စိတ်ထိခိုက်လွယ်တတ်တဲ့ သူတွေအတွက်တော့ ဒဏ်ရာအကြီးကြီးပါပဲ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ တရားထိုင်ပါ။ ဖြစ်လာတဲ့ခံစားချက်တွေကိုစာအုပ်တစ်အုပ်ထဲချရေးပါ။ ရယ်စရာဟာသတစ်ခုကြည့်လိုက်ပါ။ ရေချိုးအပန်းဖြေပါ။ သင်ကြိုက်တဲ့အစားအသောက်တွေစားလိုက်ပါ။ ကိုယ့်ကိုကိုယ် ကြင်နာပါ။ သင့်ကိုယ်သင်တောင် မကြင်နာရင် ဘယ်သူက ဂရုစိုက်ပါ့မလဲ။ အပြစ်တင်စကား ကဲ့ရဲ့စကား ဝေဖန်တဲ့စကားတွေကနေ သင်ခန်းစာယူလိုက်ပါ။ ဒီစကားတွေက စိတ်ထိခိုက်တတ်သူ သင့်ကို အမြင့်တင်ပေးတဲ့ လှေကားတွေ ဖြစ်နေတတ်ပါတယ်။