တစ်ကမ္ဘာလုံးက နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံရဲ့ အမျိုးသမီးတွေက နူးညံ့စိုပြေပြီး ချောမွတ်ပြေပြစ်တဲ့အသားအရေရှိခြင်းတို့ကြောင့် လူသိများထင်ရှားလှပါတယ်။ နည်းပညာတွေအတိုးတက်ဆုံး နိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတယ်ဆိုပေမယ့်လည်း ဂျပန်အမျိုးသမီးတွေကတော့ လက်ရှိအသက်အရွယ်ထက် ပိုပြီးနုပျိုအရွယ်တင်စေဖို့အတွက် ရာစုနှစ်တိုင်လက်ဆင့်ကမ်းလာခဲ့တဲ့ အိမ်တွင်းနည်းလမ်းဟောင်းတွေကိုပဲ လိုက်နာကျင့်ကြံဆဲပါပဲ။
ဒီလိုထိရောက်မှုရှိတဲ့ နည်းလမ်းတွေထဲကမှ အားလုံးလိုက်ပြီးလုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဆန်ဆေးရည်ကိုအသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲ အသားအရေအတွက် ဘယ်လိုအထောက်အကူတွေဖြစ်စေမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတားဆီးပေးခြင်း
ဆန်ဆေးရည်နဲ့မျက်နှာသစ်ခြင်းဖြင့် အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ၂ ရက်လောက်နှပ်ထားတဲ့ဆန်ဆေးရည်က အသားအရေအတွင်းရှိ Collagen ထုတ်လုပ်မှုကို မြင့်တက်စေပြီး တင်းတင်းရင်းရင်းနဲ့ နုပျိုတဲ့အသားအရေကို အချိန်အတော်ကြာ ထိန်းပေးထားနိုင်ပါတယ်။ Antioxidants တွေလည်း ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အရေးကြောင်းတွေဖြစ်မလာအောင် တားဆီးပေးနိုင်မယ့် သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။
သဘာဝအတိုင်း နေလောင်ဒဏ်မှကာကွယ်ပေးနိုင်ခြင်း
ဆန်ဆေးရည်မှာ အေးမြတဲ့ခံစားမှုရှိတာကြောင့် အသားအရေမှာသုတ်လိမ်းပေးပါက နေလောင်ဒဏ်တွေကိုလျော့ကျစေပြီး ယားယံခြင်းကို သက်သာစေမှာဖြစ်ပါတယ်။ နေရောင်နဲ့ထိတွေ့ခြင်းက အသားအရေပျက်စီးခြင်းရဲ့ ဖြစ်လေ့ရှိတဲ့အကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တာမို့ အကုန်အကျသက်သာပြီး လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ ဆန်ဆေးရည်ကိုအသုံးပြုကာ ကိုယ့်ရဲ့မျက်နှာကိုကာကွယ်လိုက်ပါ။
ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးခြင်း
ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေသုံးလည်း စိတ်ကျေနပ်လောက်မယ့် ရလဒ်ကောင်းတွေကိုမတွေ့ရလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အနေနဲ့ ပိုက်ဆံလည်းမကုန်ဘဲ အိမ်မှာအလွယ်တကူပြုလုပ်လို့ရတဲ့ ဆန်ဆေးရည်ကိုသတိရလိုက်ပါ။ အရေးအကြောင်းတွေကို လျော့ကျစေနိုင်ရုံသာမက Atopic Dermatitis လို့ခေါ်တဲ့ နှင်းခူလို အသားအရေပြဿနာမျိုးကို ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။
အသားအရေအဆီမပြန်အောင် ထိန်းသိမ်းပေးခြင်း
ကျန်းမာတဲ့အသားအရေဖြစ်ဖို့အတွက် သဘာဝအဆီတွေလိုအပ်တယ်ဆိုပေမယ့်လည်း လိုတာထက်ပိုထွက်လာလို့ မျက်နှာက အဆီတဝင်းဝင်းဖြစ်နေတာမျိုးကတော့ သိပ်ပြီးကြည့်လို့မကောင်းပါဘူး။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တို့အတွက် ထုတ်လုပ်ထားတဲ့ Skincare တွေအများစုမှာ အဆီပြန်သက်သာစေဖို့ အယ်လ်ကိုဟောထည့်သွင်းထားလို့ တချို့တွေဆိုရင် ပိုပြီးတော့တောင် အဆီပြန်နိုင်ပါတယ်။ သဘာဝနည်းလမ်းဖြစ်တဲ့ ဆန်ဆေးရည်ကတော့ အဆီပိုတွေကိုဖယ်ရှားပစ်ပြီး တချိန်တည်းမှာပဲ အသားအရေကိုခမ်းခြောက်မသွားစေအောင် Balance ညှိပေးတာမို့ စိတ်ချရတဲ့နည်းလမ်းကောင်းတစ်ခုပါ။
ဆန်ကိုဘယ်လိုပေါင်းခံမလဲ
- ဆန်ဆေးပြီး ရေ ၂−၃ ခွက်ထည့်ပါ။
- အခန်းအပူချိန်မှာပဲ ၄၈ နာရီကြာထားပါ။
- သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီဆိုရင် ဆန်ကိုမွှေလိုက်ပြီး ရေစစ်ပေးပါ။
- စစ်ယူပြီးရရှိလာတဲ့ဆန်ဆေးရည်ကို လေလုံတဲ့ဘူးထဲထည့်သိမ်းကာ တစ်ပတ်ထားပါ။ ထို့နောက် အသားအရေနဲ့ဆံပင်တို့အတွက် Cleanser အနေနဲ့ အသုံးပြုပေးနိုင်ပါတယ်။
Source: BrightSide
By MyStyle Myanmar