အားလုံးပဲ မင်္ဂလာပါနော်။ ရက်ပိုင်းအတွင်း အရင်ထက်ပိုဝိတ်တက်ပြီး ဝတ်နေကျအဝတ်တွေ မတော်တော့လို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဆက်ပြီးစိတ်ရှုပ်နေစရာ မလိုတော့ပါဘူး။ ဒီတစ်ခေါက်မှာ ဝိတ်တက်လာလို့ အဝတ်အစားတွေကြပ်လာတဲ့သူတွေအတွက် ဝိတ်တက်မှန်းမသိသာဘဲ သက်တောင့်သက်သာလည်းဖြစ်အောင် ပြောင်းလဲဝတ်ဆင်နိုင်မယ့် Fashion Tips လေးတွေကို မျှဝေပေးသွားမှာပါ။
ဘောင်းဘီကြယ်သီးနေရာမှာ သရေကြိုးလေးပတ်ပြီးဝတ်ကြည့်ပါ
ဗိုက်ပူပြီး ဘောင်းဘီကြယ်သီးတပ်မရတော့တဲ့အခါ ပုံမှာပြထားသလို သရေကြိုးတစ်ကွင်းကို ကြယ်သီးနဲ့ တစ်ဖက်ကြယ်သီးပေါက်မှာချိတ်ပြီး ဝတ်တာမျိုးလုပ်နိုင်ပါတယ်နော်။ သရေကြိုးနဲ့တေးထားပြီးဖြစ်တာမို့ ကြယ်သီးမတပ်ထားမှန်းမသိသာတော့သလို ဝတ်ရတာလည်း သက်တောင့်သက်သာလေးဖြစ်နေမှာပါ။ သရေကြိုးတပ်ထားမှန်းမသိသာအောင် အင်္ကျီခါးဖုံးလေးတွေ၊ Blazer လေးတွေနဲ့ တွဲဝတ်ပေးနိုင်ပါတယ်။
ခါးရှည်အင်္ကျီလေးတွေ ထပ်ဝတ်ပါ
အင်္ကျီအကြပ်တွေ၊ ခါးထဲထည့်ဝတ်ရတဲ့အင်္ကျီလေးတွေဝတ်တဲ့အချိန် ကြပ်နေမှန်းမသိသာအောင် အပြင်က ခါးရှည်အင်္ကျီ ပါးပါးလေးတွေထပ်ဝတ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ သင့်ကို စတိုင်လည်းကျစေသလို ဝိတ်တက်လာမှန်းလည်း လုံးဝမသိသာတော့ပါဘူး။
Oversized ဆွယ်တာနဲ့ အင်္ကျီလေးတွေ ဝတ်ပေးပါ
၀ လာလည်း မတော်တာမျိုးမရှိတဲ့ Oversized လိုအင်္ကျီလေးတွေက ဝိတ်ခဏခဏတက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ခန္ဓာကိုယ်အချိုးအစားလည်း တော်ရုံမမြင်ရတဲ့အပြင် ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေတာမို့ Oversized ဆွယ်တာ (သို့) အင်္ကျီလေးတစ်ထည်လောက်ကတော့ ရှိထားသင့်ပါတယ်။
Warp စကပ်လေးတွေဝတ်ကြည့်ပါ
စကပ်ဝတ်တာက ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးပေးနိုင်တာမို့ ဘောင်းဘီတွေလောက် ဝိတ်တက်လာမှန်း မသိသာပါဘူး။ Warp စကပ်လို့ခေါ်တဲ့ အထပ်ပါတဲ့စကပ်လေးတွေက ဝတ်ရပေါ့ပါးသလို ရိုးရိုးစကပ်တွေထက် ဒီဇိုင်းဆန်းတာမို့ ဝိတ်တက်နေတဲ့အချိန်ဝတ်ဖို့ကွက်တိပါပဲ။
အမဲရောင်များများဝတ်ပေးပါ
အမဲရောင်က ခန္ဓာကိုယ်အချိုးအစားကို အသေးစိတ်မမြင်ရအောင် လှည့်စားပေးနိုင်ပါတယ်။ အမဲရောင်ဝတ်လိုက်တာက သင့်ကိုပုံမှန်ထက် ခန္ဓာကိုယ်သေးသွားသလိုမြင်ရစေမှာပါ။ ဒါကြောင့် ဝိတ်တက်နေတဲ့အချိန်မှာ အဖြူရောင်လို အရမ်းလင်းပြီး ခန္ဓာကိုယ် Shape သိသိသာသာမြင်ရတဲ့ပုံစံမျိုးထက် အမဲရောင်ပါတဲ့ Outfit လေးတွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar