ဖက်ရှင်နယ်ပယ်မှာ သင်ဟာ သာမန်ခန္ဓာကိုယ်အချိုးအစားမျိုးဆိုရင် ရွေးချယ်စရာတွေ များပေမယ့်လည်း ကိုယ်ခန္ဓာပြည့်ဖြိုးသူဆိုရင်တော့ ရွေးချယ်စရာတွေက စဉ်းစားစရာတွေရှိလာမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်ပြည့်ဖြိုးနေလို့ ကြည့်မကောင်းတော့ဘူးအထင်နဲ့ အလွန်ပွယောင်းတဲ့အဝတ်အစားတွေဝတ်ဆင်ပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်နေတာကို ရပ်လိုက်ပါတော့။

ကိုယ်ခန္ဓာအချိုးအစားတိုင်းဟာ မှန်ကန်တဲ့ ဖက်ရှင်ဗဟုသုတရှိရင် ဖက်ရှင်ကျနိုင်တယ်ဆိုတာကို Plus Size မော်ဒယ်တွေက သက်သေပြနေပါပြီ။

ဒါကြောင့် ကိုယ်ခန္ဓာပြည့်ဖြိုးသူတွေလည်း ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ လန်းနေအောင် ဝတ်ဆင်နိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မပွလွန်း မကြပ်လွန်းတဲ့အဝတ်အစားကို ရွေးချယ်ပါ

ကိုယ်ခန္ဓာ ပြည့်ဖြိုးတဲ့လူအများစုဟာ ပိုလျှံနေတဲ့ အသားစိုင်တွေကို ဖုံးကွယ်ဖို့အတွက် လိုအပ်တာထက် ပိုပွတဲ့ အဝတ်အစားတွေကို ရွေးချယ်တတ်သလို ကောက်ညှင်းထုပ်လို အလွန်ကြပ်တဲ့အဝတ်အစားတွေကိုလည်း ရွေးချယ်တတ်ပါတယ်။

အဲဒီနည်းလမ်း ၂ ခုစလုံးက အလုပ်မဖြစ်ဘူးလို့ ပြောရမှာဖြစ်ပြီး ဗိုက်လေး သိသိသာသာ စူထွက်နေမယ်ဆိုရင်လည်း ကိုယ်ခန္ဓာကောက်ကြောင်းနဲ့ ကွက်တိကျမယ့် အဝတ်အစားတွေကို ဝတ်ဆင်ဖို့ ကြိုးစားပါ။

အဲဒါကမှ သင့်ကို ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဖက်ရှင်ကျတဲ့လူတစ်ယောက်ဖြစ်လာစေမှာ ဖြစ်ပါတယ်။

၂။ အရောင်ရွေးချယ်ရာမှာ ဂရုစိုက်ပါ

ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့လူတွေအတွက် အရောင်မှိုင်းတာနဲ့ အရောင်တစ်မျိုးတည်း ဝတ်ဆင်တာက ပိန်သယောင်ထင်ရပေမယ့် အရောင်ကို လုံးဝ ရွေးချယ်စရာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။

၃။ စက်ချုပ်သမားနဲ့ မိတ်ဆွေဖွဲ့ထားပါ

ဖက်ရှင်ဘရန်းတွေဟာ အမျိုးသားတိုင်းက ဘယ်လိုပုံစံမျိုးဖြစ်နိုင်မယ်ဆိုတဲ့ ကိုယ်ပိုင်အမြင်နဲ့ ထုတ်လုပ်ထားတာပါ။ သာမန်ထက် ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်တော့ ထည့်သွင်းစဉ်းစားပြီး ထုတ်လုပ်ထားတာ ရှားတဲ့အတွက် ခေတ်ကာလနဲ့ ကိုက်ညီတဲ့ဒီဇိုင်းမျိုး ဝတ်ချင်ပေမယ့် ဆိုဒ်မရှိလို့ မဝတ်ရမရှိရအောင် လက်ရာသေသပ်ကောင်းမွန်တဲ့ စက်ချုပ်ဆရာတစ်ဦးကို အပိုင်ပေါင်းထားသင့်ပါတယ်။

၄။ အကွက်တွေကို သတိထားရွေးချယ်ပါ

ဖက်ရှင်ချစ်သူတွေအားလုံးဟာ အကျီအကွက်တွေကို နှစ်သက်တတ်ကြပါတယ်။ အကွက်ဒီဇိုင်းတွေဟာ လှပပြီး လူတွေမျက်လုံးထဲမှာ ပိုမို မြင်လွယ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ သာမန်ခန္ဓာကိုယ်ထက် ပိုမိုကြီးမားတဲ့လူမျိုးဖြစ်ပေမယ့်လည်း အကွက်ရွေးမှန်ရင် ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်တောင် ပျောက်သွားနိုင်ပါတယ်။

အကွက်အရမ်းသေးလွန်းရင်လည်း ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်ကို လူတွေ ပိုမိုသတိထားမိစေသလို အကွက်အရမ်းကြီးလွန်းရင်လည်း ပိုလျှံနေတဲ့အသားစိုင်တွေကို အကွက်လိုက် ဖော်ပြထားသလို ဖြစ်နိုင်တာကြောင့် ရိုးရိုးရှင်းရှင်းနဲ့ မကြီးလွန်း မသေးလွန်းတဲ့ အကွက်ဒီဇိုင်းလေးတွေကို ရွေးချယ်သင့်ပါတယ်။