ရာသီဘယ်လောက်ပြောင်းပြောင်း ဖက်ရှင်ရေစီးကြောင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများ မပြောင်းမလဲ အစဉ်အမြဲဝတ်ဆင်လျက်ရှိနေတဲ့ အဝတ်အစားမှာ စကပ်အတိုပဲဖြစ်ပါတယ်။ မီနီစကပ်တွေက ရွေးချယ်ရာ ဖက်ရှင်ဒီဇိုင်းပေါ်မူတည်ပြီး သင့်အား ခေတ်မီစတိုင်ကျသောအသွင်ကို ပေးစွမ်းနိုင်ပါတယ်။

အကယ်၍များ စကပ်အတိုကို ဘယ်လိုမျိုး စတိုင်ကျကျဝတ်ဆင်ရမလဲ မသိသေးသော ပျိုမေလေးများလည်း သူများနည်းတူ စတိုင်ကျကျ လှပနိုင်စေဖို့ရန်အတွက် နည်းလမ်းလေးများကို မျှဝေပေးလိုက်တယ်နော်။

ပုံစံအသစ်ပြောင်းဝတ်ပါ။

အကယ်၍ ဝတ်ဆင်မြဲဖြစ်သည့် ဂျင်းစကပ်အတိုတွေက အနည်းငယ်ကလေးဆန်လာသည်ဟု ထင်လာပြီဆိုလျှင်တော့ ဝမ်းဆက်အကွက်ပုံစံ ဒီဇိုင်းရှိသည့် စကပ်အတိုများကို ပြောင်းလဲဝတ်ဆင်ပေးနိုင်ပါတယ်။ ထိုသို့ဝတ်ဆင်ခြင်းက ပုံမှန်ဝတ်နေကြ စကပ်အတိုများနှင့် မတူတော့ဘဲ အမြင်တစ်မျိုးပြောင်းသွားစေနိုင်သလို စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အမျိုးသမီးများအတွက်လည်း သင့်တော်မှာဖြစ်ပါတယ်။

လည်ရှည်ဖိနပ်များနှင့် တွဲဖက်ပေးပါ။

စကပ်အတိုကို ရှူးဖိနပ်များနှင့် တွဲဖက်ဝတ်ဆင်ခြင်းက သင့်အား ကလေးအရွယ်သို့ ပြန်ရောက်သွားသလို ခံစားမိစေနိုင်မှာဖြစ်သော်လည်း ထူထဲသော လည်ရှည်ဖိနပ်များနှင့် ပုံစံတစ်မျိုးထွင်ပြီးဝတ်ဆင်လိုက်ပါက ပိုမိုခေတ်မီသွားသောခံစားမှုနှင့် စတိုင်ကျသောအသွင်တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ခါးမြင့်စကပ်အတိုများကို ရွေးချယ်ပါ။

စကပ်အတိုကို ဝယ်ယူရွေးချယ်သည့်အခါမှာ တင်ပါးနားတွင် ကွက်တိကျသည့် စကပ်များအစား မိမိ၏ဝမ်းဗိုက်အပေါ်မြင့်မြင့်သို့ ရောက်ရှိနိုင်မည့် စကပ်များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက ယခင်အချိန်များက ဝတ်ဆင်ခဲ့သော ဖက်ရှင်စတိုင်ဖြစ်သည့် အကျပ်ကိုစကပ်အတွင်းသို့ ထည့်ဝတ်သည့် ဖက်ရှင်ရေစီးကြောင်းအတိုင်းလိုက်ခြင်းကို တမူထူးခြားစွာ ရှောင်ရှားသွားနိုင်မှာဖြစ်ပါတယ်။

အသားကပ်ဘောင်းဘီများနှင့် တွဲဖက်ဝတ်ဆင်ပါ။

အသားကပ်ဘောင်းဘီများ ဝတ်ဆင်ရသည်ကို သဘောကျသူများရှိသလို မနှစ်သက်သူများလည်း ရှိပါတယ်။ သို့သော်လည်း ဆောင်းရာသီကဲ့သို့ အေးစိမ့်သောရာသီဥတုတွင် စကပ်အတိုကိုဝတ်ကာ စတိုင်ကျကျသွားလာလိုသော ပျိုမဒီများကတော့ မဖြစ်မနေကို ဝတ်ဆင်ပေးသင့်ပါတယ်။

စတိုင်အပြည့်ဖြင့်ဝတ်ပါ။

စကပ်အတိုကို အသေအချာ ရွေးချယ်ပြီးသော်လည်း ထိုစကပ်နှင့် လိုက်ဖက်ညီမည့် ဖက်ရှင်ပုံစံကို ရွေးချယ်ရတာလည်း အခက်အခဲတစ်ခုပါပဲ။ ထို့အတွက် အချိန်အကြာကြီးခေါင်းရှုပ်ခံစရာမလိုဘဲ ခေတ်မီလှပသည့် အပေါ်ကုတ်အကျ်ီတစ်ထည်နှင့် ဒေါက်ဖိနပ်တစ်ရံစီးလိုက်ရုံဖြင့် ဖက်ရှင်ကျကျဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

ယဉ်ကျေးသိမ်မွေ့သည့်အဆင်ကိုရွေးချယ်ပါ။

ပန်းပွင့်ဆေးရိုက်ဒီဇိုင်း အဆင်ရှိသည့်စကပ်တိုလေးများကို ရွေးချယ်ဝတ်ဆင်ခြင်းက ကျက်သရေရှိ၍ မိန်းမပီသသော အသွင်အပြင်ကို ရရှိနိုင်ပါတယ်။

လည်ပင်းအပိတ်အကျ်ီများနှင့် တွဲပေးပါ။

ဖက်ရှင်ကျလိုသော်လည်း ရိုးရိုးရှင်းရှင်းပုံစံကိုအလိုရှိသော ပျိုမေများလည်း လည်ပင်းအပိတ်ဆွယ်တာများ သို့မဟုတ် လည်ထောင်တီရှပ်များကို စကပ်အတိုများနှင့် တွဲဖက်ဝတ်ဆင်ပေးနိုင်ပါသေးတယ်။

ထိပ်ချွန်ဖိနပ်အပါးများကိုရွေးချယ်ပါ။

စကပ်အတိုကို အခြားပုံစံဒီဇိုင်းရှိသည့် ဖိနပ်များထက် ထိပ်ချွန်ဖိနပ်အပါးများဖြင့် တွဲဖက်ပေးခြင်းက သင့်ရဲ့ခြေထောက်များကို ပုံမှန်ထက် ရှည်လျားသည့်အသွင်ကို ဆောင်စေပါတယ်။